စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့မနက်ပိုင်းက မြို့လယ်မီးပွိုင့်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စည်ပင်ဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မုံရွာဒေသခံများက ပြောသည်။
ယနေ့(အောက်တိုဘာလ ၁၄ ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့ မြို့လယ်မီးပွိုင့်တွင် ဗုံးပေါက်ရာ အမှိုက်သိမ်း စည်ပင်နေ့စားဝန်ထမ်းတစ်ဦးသေဆုံးပြီး တစ်ဦးလက်ပြတ်သွားကြောင်း မုံရွာနယ်ခံများကပြောသည်။
ဗုံးပေါက်ကွဲခဲ့သော မြို့လယ် မီးပွိုင့်နေရာသည် မုံရွာပင်မ သပိတ်စစ်ကြောင်းမှ မုံရွာမြို့ခံပြည်သူများ မကြာခဏ စုဝေးပြီး အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြလေ့ရှိသောနေရာ ဖြစ်ကြောင်း မုံရွာလူထုလှုပ်ရှားမှုကော်မတီကလည်း အသိပေးထားသည်။
“ ဒီမနက်ဖြစ်သွားတဲ့ကိစ္စမှာအပြစ်မဲ့တဲ့ကလေးတစ်ယောက်ဆုံးရှုံးလိုက်ရပါတယ်။ ကျွန်တော်တို့အားလုံးသွားချင်နေတဲ့လမ်းကြောင်းမှာအပြစ်မဲ့တဲ့ပြည်သူတွေကိုဘယ်အဖွဲ့အစည်းမှမတိုက်ခိုက်ဘူး။ မြို့ပေါ်ကအဖွဲ့အစည်းတွေဆိုရင်လည်းပြည်သူတွေထိခိုက်မှာစိုးတဲ့အတွက်ကြိုတင်သတိပေးမှုများရှိခဲ့ပါတယ်။ ဒါဟာစစ်ကောင်စီရဲ့ ပြည်သူနဲ့ အဖွဲ့အစည်းတွေကြားသွေးခွဲသပ်လျှိုတဲ့လုပ်ကွက်တခုပါ။ မိုင်းဆိုတာနဲ့အဖွဲ့အစည်းကလုပ်တယ်ဆိုပြီးထင်အောင် အပြစ်မဲ့တဲ့ပြည်သူတယောက်ကိုစတေးပြီး ပြည်သူများကြားလက်မခံနိုင်အောင်လုပ်တဲ့ လုပ်ကွက်တခုပါ။ မြို့လယ်မီးပွိုင့်ကကျွန်တော်တို့ပင်မသပိတ်စစ်ကြောင်းအများဆုံးထွက်တဲ့နေရာတစ်ခုပါ။ အဲ့နေရာမှာသူတို့ထောင်ထားခဲ့ပြီးအပြစ်မဲ့ပြည်သူတယောက် အသက်ပေးသွားခဲ့ရပါတယ်” ဟု မုံရွာလူထုလှုပ်ရှားမှုကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
သေဆုံးသူလူငယ်၏ ဖခင်မှာ မသန်စွမ်းတစ်ဦးဖြစ်နေ၍ လိုအပ်သည့်အကူအညီများပေးရန် မုံရွာမြို့ခံအချို့က အကူအညီတောင်းထားသည်။
ယခုအချိန်အခါကာလသည် စစ်ကောင်စီအား တွန်းလှန်တိုက်ပွဲဝင်နေသော လက်နက်ကိုင်တော်လှန်ရေး၏ အမြင့်ဆုံးအချိန်ကာလဖြစ်ကြောင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီလုံးဝအုပ်ချုပ်ခွင့်မရစေရေးနှင့် စစ်ကောင်စီအား ကျားကန်ပေးနေသည့်ဒေါက်တိုင်များ အလုံးစုံပြိုကျပျက်စီးရေးကို ဦးတည်၍ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)နှင့် မြေအောက်တော်လှန်ရေးအစုအဖွဲ့များသည် မြို့ပြပျောက်ကြား လှုပ်ရှားမှုများ၊ စစ်ကောင်စီ၏ ဒေါက်တိုင်များအား ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်နေကြသည်ကို မုံရွာပြည်သူများ သိရှိပြီးဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီမှလည်း အကြမ်းဖက်လုပ်ရပ်များဟု ထင်မှားမှတ်ယူစေရန် အလားတူဖောက်ခွဲမှုများနှင့် ပုံဖျက်၍ ပြည်သူလူထုထိခိုက်အောင် တန်ပြန်လုပ်ဆောင်ခြင်းများလည်း ရှိလာကြောင်း၊ ပြည်သူ့ဘက်တော်သား တော်လှန်ရေးအစုအဖွဲ့များနှင့် ပြည်သူလူထုကို တစ်ဖက်လှည့်နှင့် သွေးခွဲလုပ်ဆောင်သော အောက်တန်းကျသည့်လုပ်ရပ်များဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)က အသိပေးသည်။
တော်လှန်ရေး ရဲဘော်များ၊ အစုအဖွဲ့များအနေဖြင့်လည်း အပြစ်မဲ့ပြည်သူများ လုံးဝမထိခိုက်စေရေး အထူးဂရုပြုလှုပ်ရှားကြရန်နှင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်မပူးပေါင်းဘဲ ရှောင်ကျဥ်ပေးရန် အလေးအနက်တိုက်တွန်းကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)ကယနေ့ ထုတ်ပြန်ခဲ့သည်။

















































