အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပုဒ်မမျိုးစုံတပ်၍ဖမ်းဆီး ထောင်ချခဲ့ပြီးနောက် ယမန်နေ့(အောက်တိုဘာ၁၈)တွင် ပြန်လွှတ်ပေးသည်ဆိုသော်လည်း အချို့ကို ချက်ချင်းပြန်လည်ဖမ်းဆီးနေကြောင်း ပြန်လည်ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။
သာစည်မြို့နယ်နေ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဒေါ်လေးလေးနိုင်ကို ပုဒ်မ ၅၀၅ က နှင့် ဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၈ရက်ကပြန်လွှတ်ခဲ့သည်။ သို့သော် လွှတ်ပြီးပြီးချင်းမှာပင် မတရားအသင်းပုဒ်မ ကျန်ရှိသေးသည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးလိုက်ကြောင်း ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အလားတူ မိတ္ထီလာမြို့နယ် အမျိူးသားဒီမိုက ရေစီအဖွဲ့ ချုပ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်ကိုလည်း ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် မိတ္ထီလာထောင်ဘူးဝရှေ့မှပင် လက်ထိပ်ခတ်၍ အမှတ် ၁ မြို့နယ်ရဲစခန်းသို့ ပြန်ခေါ်ဆောင်သွားခဲ့သည်။
“နားလှည့်ပါးရိုက် လုပ်တာပါ။၅၀၅ (က)နဲ့လွှတ်ပြီး အခုဒီလ ၇ ရက်ကမှ ထပ်စွဲထားတဲ့ အကြမ်း ဖက်မှုပုဒ်မ ၅၀ က ၊ ၅၂ ည နဲ့ အချုပ်ထဲထားခဲ့ရတယ်”ဟု ဦးလွင်လွင်မောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

Public Service Announcement
ယမန်နေ့က မိတ္ထီလာထောင်မှ ပြန်လွတ်သူ (၄၃)ဦးအနက် (၁၁)ဦးကို ချက်ချင်းပြန်ဖမ်းသွားသည်ဟု မိသားစုဝင်များက ပြောသည်။ ပြန်ဖမ်းခံရသူအချို့မှာ မိတ္ထီလာရဲစခန်းတွင် ချုပ်နှောင်ထားပြီးယခုအချိန်ထိ့ မိသားစုနှင့် တွေ့ခွင့်မရဟု ဆိုသည်။
ထားဝယ်အကျဥ်းထောင်မှလည်း လွှတ်ပေးခဲ့သည့် ၂၇ ဦးရှိကာ ပြန်လည် ဖမ်းဆီးခံရသူ နှစ်ဦးရှိ ကြောင်း လည်းသတင်းထွက်ပေါ်နေပြီး People’s Spring ကသီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“လွှတ်တဲ့သူနဲ့ ပြန်ဖမ်းခံရတဲ့ စာရင်းကို ပြုစုနေတုန်းပဲ။ဘယ်သူတွေကို ပြန်ပြီး ဖမ်းခေါ်သွားလဲဆိုတာ မသိရသေးဘူး”ဟု ဒီမိုကရေစီအရေး သပိတ်လှုပ်ရှားမှုကော်မတီ (ထားဝယ်) ၏ တာဝန်ရှိသူက ပြောသည်။သို့သော် ပြန်လွှတ်ပေးသူများကို ဖမ်းဆီးမှုများရှိနေသည်မှာ မှန်ကန်ကြောင်း ၎င်းက ဆက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက အလွှတ်ပြပြီး ပြန်ဖမ်းဆီးခံရသူများစာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက “လွှတ်ပြီး ပြန်ဖမ်းစာရင်းများ တိတိကျကျ စုဆောင်ပြီး ပေးပို့ကြပါ”ဟု အသိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် CRPH၊ NUG တို့နှင့် ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသူများ၊ ဆန္ဒပြမှုများတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးထားသူများထဲမှ ၁၃၁၆ ဦးကို အကျဉ်းထောင်အသီးသီးမှ အောက်တိုဘာ ၁၈ ရက်တွင် ပြန်လွှတ်မည်ဟု ကြေညာခဲ့သည်။
ထိုသို့လွတ်မြောက်လာသူများအနေဖြင့် နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန်ကျန်ရှိသော ပြစ်မှုများကိုပါ ဆက်လက်ကျခံရမည်ဟူသော ခံဝန်ချက်ထိုးစေကာ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာကအသိအမှတ်မပြုဘဲ ဖမ်းဆီးထားသူများအားလုံးကိုပြန်လွှတ်ရန် ၊ ဒီမိုကရေစီအမြန်ဖော်ဆောင်ပြီး ပြည်သူ့အာဏာလွှဲပြောင်းပေးရန် နိုင်ငံတကာကပိုမိုဖိအားပေးလာသလို ၊အာဆီယံကိုယ်တိုင်က သမိုင်းတွင်သောဆုံးဖြတ်ချက်အဖြစ် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်ကို မဖိတ်ရန် ဆုံးဖြတ်ပြီး သုံးရက်အကြာတွင် ယခုကဲသို့အပြစ်မရှိဘဲ မတရားဖမ်းဆီးခံရသူများကိုပြန်လွှတ်ပေးရန် ကြေညာခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က ပြုစုထားသည့် စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် ပြည်သူ ၁,၁၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၉,၀၀၀ ကျော်ကို ဖမ်းဆီးကာ ၇,၃၀၀ ကျော်ကိုချုပ်နှောင်ထားဆဲဖြစ်သည်ဟု ဆိုသည်။ အဆိုပါ အရေအတွက်များသည် စာရင်းပြုစုထားနိုင်သည့်အရေအတွက်များသာဖြစ်ပြီး လူမသိသူမသိ ဖမ်းဆီး သတ်ဖြတ်ခံရသူများ ဖမ်းဆီးခံထားရသူများလည်း ရှိနိုင်သည်ဟုဆိုသည်။


















































