လာမယ့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပမယ့် အိန္ဒိယ နိုင်ငံရဲ့ Republic Day ကို တက်ရောက်ဖို့ဖိတ်ကြားမယ့် နိုင်ငံခေါင်းဆောင်ဧည့်သည့်စာရင်းမှန်းဆချက်တွေထွက်နေတာဟာ မမှန်ကန်တဲ့အကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။
အဲဒီစာရင်းမှာ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ တွေဖြစ်တဲ့ မြန်မာ ၊ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာ ၊ထိုင်း ၊နီပေါ ၊ဘူတန် တို့ကို ဖိတ်ကြားထားပြီး မြန်မာစစ်ခေါင်းဆောင်ကိုလည်းဖိတ်ထားတယ်လို့ The Indian Express သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါပေမယ့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီသတင်းကိုငြင်းဆိုထားပါတယ်။
“Republic Day ၂၀၂၂ ကို ဖိတ်မယ့် အကြီးအကဲစာရင်းနဲ့ပတ်သက်ပြီး မီဒီယာတွေမှာ ရေးသားနေတာကို ကျွန်တော်တို့ တွေ့ပြီးပါပြီ ၊ဒီသတင်းတွေက မမှန်ပါဘူး” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement
လက်ရှိအချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့် မရ ထားသလို သံတမန်ဆက်ဆံရေးမှာလည်းစစ်ကောင်စီဟာအထီးကျန်နေပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြတာရှိနေပါတယ်။
၁၉၄၇ ခုနှစ်မှာ အိန္ဒိယဟာ ဗြိတိသျှတို့ထံကနေ လွတ်လပ်ရေးရပြီး ၂ နှစ်ကျော်အကြာ ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ပြီး သမ္မတ နိုင်ငံထူထောင်ကြောင်းကြေညာခဲ့တာပါ။
ဒါကြောင့် နှစ်စဉ် ဇန်နဝါရီလ ၂၆ ရက်ကို နိုင်ငံရဲ့အခမ်းအနားနေ့ Republic Day အဖြစ် နိုင်ငံအနှံကျင်းပတာလည်းဖြစ်ပါတယ်။
အဲဒီနေ့အခမ်းအနားကိုတက်ရောက်ဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကို အိန္ဒိယအစိုးရ က ဖိတ်ကြားလေ့ရှိပါတယ်။
ကိုးကား − The Indian Express ၊ NDTV
Photo -The Indian Express


















































