ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိနေရပြီး လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များ တွေ့ရှိနေရကြောင်းရခိုင်လက်နက်ကိုင်အဖွဲ့(ULA/AA)က သတိပေးချက်ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၇ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဒီဇင်ဘာလအတွင်း ရခိုင်ဒေသ ထူးခြားဖြစ်စဉ် များကို ဖော်ပြခဲ့ရာ မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းခြွီလှည့်စက် (၂)လုံး မီးရှို့ခံရမှု၊ မြောက်ဦးမြို့နယ် လောင်းကြက်ရွာအနီး ရိတ်သိမ်းပြီးစုပုံထားသော စပါးစည်း(ကောက်လှိုင်းစည်း)များ မီးရှို့ခံရမှု၊ ကျောက်တော်မြို့နယ်တောင်ဘွယ်ကျေးရွာအနီး ရခိုင်အမျိုးသမီးတစ်ဦးအား မွတ်ဆလင်(၂)ဦးက အဓမ္မပြုကျင့်ရန်ကြံစဉ်အားထုတ်မှု စသည့် ဖြစ်စဉ်များ ပါဝင်သည်။
ထို့ပြင် ဂွမြို့နယ် ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ မူလတန်း(လွန်)ကျောင်း မီးရှို့ခံရမှု၊ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာတွင် ရိတ်သိမ်းပြီးစပါးများ မီးရှို့ခံရမှု ဖြစ်စဉ်များ ဖြစ်ခဲ့ပြီး ယင်းဖြစ်စဉ်အားလုံးသည် ဒီဇင်ဘာလ ၉ ရက်မှ ၁၄ ရက်အတွင်း ဖြစ်ပွားခဲ့သည်ဟုဖော်ပြထားသည်။
အဆိုပါ ဖြစ်ရပ်များတွင် မွတ်ဆလင်ကျေးရွာနှင့် နီးကပ်စွာရှိသည့် ရွာအချို့ ပါဝင်သည့်အပြင် ရခိုင်ကျေးရွာများအတွင်း တစ်ပြိုင်တည်းရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်စွာဖြစ်ပျက်ခဲ့သည်ဟု ပါရှိသည်။အဆိုပါဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းမှာ အဖွဲ့အစည်းတစ်ခုခုမှ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုအား နောက်ကွယ်မှ ကြိုးကိုင်ပြုလုပ်နေသည်ဟု AAက သံသယရှိနေပြီး၊လုံခြုံရေးဆိုင်ရာစိုးရိမ်မှုနှင့်အတူ လူမျိုးရေးဆိုင်ရာပဋိပက္ခများသို့ ဦးတည်သွားမည်ကိုလည်း စိုးရိမ်ကြောင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement
ထို့အပြင် လတ်တလောတည်ငြိမ်နေသည့် ရခိုင်ပြည်အား လူမျိုးရေးပဋိပက္ခများဖန်တီးပြီး ဒေသတွင်းပဋိပက္ခဖြစ်ပေါ်လာစေရန် တမင်လုပ်ဆောင်နေသောလုပ်ရပ်၊ မတည်မငြိမ်မှုများကို ဖန်တီးလှုံ့ဆော်သော လုပ်ရပ်၊ စိုးရိမ်ထိတ်လန့်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးသောလုပ်ရပ်များ ဖြစ်သည်ဟုလည်း AAက ရှုမြင်သုံးသပ်သည်ဟုလည်းဖော်ပြထားသည်။
ထို့ကြောင့် ရပ်ရွာ၊ မြို့များ၌ရှိသည့် လူငယ်များအနေဖြင့် ပြည့်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် မီးဘေးအန္တရာယ်များ ကင်းဝေးစေရေးအတွက် မိမိရပ်ရွာ၊ မြို့များအတွင်း လူစိမ်းအဝင်အထွက်များကို သတိထားစောင့်ကြည့်ကြရန် တိုက်တွန်းထားပြီး AA အနေဖြင့်လည်း ပြည်သူ့လုံခြုံရေးကို တာဝန်ယူသွားမည် ဟု အသိပေးထားသည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသတွင် ရခိုင်ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးဖြစ်သူ မသီတာထွေး ကို မွတ်စလင် အမျိုးသား ၃ဦးက အဓမ္မပြုကျင့်သတ်ဖြတ်မှု ပေါ်ပေါက်သည်ကို အစပြု၍ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ရခိုင်နှင့် ရိုဟင်ဂျာ လူမျိုးစုများအကြား အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ထိုစဥ်က အမုန်းစကားများကို အစိုးရကိုယ်တိုင်ဖြန့်ချီမှုရှိခဲ့သကဲ့သို့ ၊ စစ်တပ်နှင့် အမျိုးသားရေးသမားများဟုဆိုသူများက အဓိကဖြန့်ချီခဲ့ကြသည်။ ၂၀၁၂ မှစတင်ခဲ့သော လူမျိုးရေး၊ဘာသာရေးအသွင် ပဋိပက္ခများမှ ၂၀၁၇ တွင် ပြသာနာများပိုမိုကြီးမားလာပြီး စစ်တပ်က နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် ရိုဟင်များများအပေါ် သတ်ဖြတ် ၊မုဒိန်းကျင့်မှုများ၊ကျေးရွာများမီးရှို့မှုများ စသည့် စစ်ရာဇဝတ်မှုများ ဆိုးဝါးစွာကျူးလွန်ခဲ့ကာ ICJ တွင်တရားစွဲခံရခဲ့သည်။
ယခု AA၏ ထုတ်ပြန်ချက်မှာလည်း ၂၀၁၂ က ကဲ့သို့ ဖြစ်စဉ်များ မဖြစ်စေရန် စေတနာဖြင့် ထုတ်ပြန် သည်ဟု ယူဆကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဦးထွန်းအောင်ကျော်က မှတ်ချက်ပြုသည်။
“အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ လူမှုအဖွဲ့အစည်းတွေက မဖြစ်ခင်တားကို တားရမယ်ကြီးကြီးကျယ်ကျယ် ဖြစ်လာရင် နစ်နာမှာက ပြည်သူတွေပဲ။ လုပ်တဲ့သူက စပြီး မီးမွှေးလိုက်တယ်။ အဲဒီ မီးက ကြီးမားသွားလို့ရှိရင် လူမှုအဖွဲ့အစည်းတွေကို အကြီးအကျယ်ထိခိုက်တယ်” ဟု ဦးထွန်းအောင် ကျော်ကသုံးသပ်သည်။
၂၀၁၂ က ဖြစ်ခဲ့သည့် ဖြစ်စဉ်သည် တိုက်ဆိုင်မှုလား၊ တမင်တကာ လုပ်ဆောင်ခြင်းလား ဆိုသည်မှာ ပြောဆိုရန် များစွာ ကျယ်ပြန့်ကြောင်း၊ သို့ရာတွင် အားလုံးသိကြသည့်အတိုင်း ရခိုင်ပြည်နယ် တစ်ခုလုံးသို့ မီးကူးစက်သကဲ့သို့ ပဋိပက္ခများ ကူးစက်ကာ များစွာ အရုပ်ဆိုးခဲ့ကြောင်း ၎င်း ကဆက်ပြောသည်။
“အကြမ်းဖက်စစ်ကောင်စီက ပြည်မရော တောင်ပေါ်ဒေသတွေမှာပါ အရှုံးကြီးရှုံးလာတယ်ဗျ။ သူတို့ရဲ့ ပစ်မှတ်တွေ၊ နိုင်ငံရေးပစ်မှတ်တွေ အထိနာနေတယ်ပေါ့ဗျာ။ နိုင်ငံရေးအရဆိုရင် အသက်ငင်လာတာကိုတွေ့ရတယ်။ အဲဒီအပေါ်မှာ သူကတော့ အကြံကုန်တဲ့အခါကြတော့ ငဠုန်ဆားချက်တဲ့ ပုံစံမျိုးပေါ့ဗျာ။ လူမျိုးရေးတွေ၊ ဘာသာရေးတွေ ပဠိပက္ခအသွင်ဆောင်အောင်လုပ်မယ်။ အဲဒီကို အာရုံပြောင်းအောင်ဖန်တီးမယ်ဆိုတာကတော့ ကျွန်တော်တို့က သတင်းအဖြစ်လည်းကြားနေရသလို သတင်းနောက်ကွယ်မှာလည်း လက်တွေ့ကြကြပေါ့ မှန်တာတွေလည်း တွေ့ခဲ့ရတော့ အထူးစိုးရိမ်မကင်းဖြစ်မိတယ်။ ဒီလိုဖြစ်အောင် ဖန်တီးဖို့ဆိုတာလည်းသူတို့ကဝန်မလေးဘူး”ဟုနွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းကြည်ကပြောသည်။
ထိုအပြင် ဦးထွန်းကြည်ကဆက်လက်၍ “နောက်တစ်ခုက ရိုဟင်ဂျာမရှိဘူးပြောတယ်။ သို့သော်ညားလည်း လူကယ်ပြန်က သက်သက်ခိုင်ရော နယ်လုံဝန်ကြီး ရော သူတို့က ဘာဖြစ်လို့ ဘူးသီးတောင်၊မောင်းတောဘက်ရောက်နေသလဲပေါ့ဗျာ။ ဘာဖြစ်လို့ စခန်းတွေကို သွားကြည့်သလဲပေါ့။ ဒါတွေကလည်း တွက်ချက်ကြည့်တဲ့အခါကြတော့ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ ရခိုင်ပြည်နယ်အပါအဝင်ပေါ့ဗျာ တိုင်းပြည်အနှံ့မှာ လုပ်မယ့်အစီအစဥ်ကတော့ သူတို့မှာ ရှိနေပြီ။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်မှာ။ ဒါပေမယ့် တစ်ခုက ဘာသွားတွေ့လဲဆိုတော့ ကြံ့ခိုင်ရေးက ဥက္ကဌကိုယ်တိုင် ဦးဆောင်ပြီးတော့ တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ တရားဝင်ကြေညာတယ်ဗျာ။ ကြံ့ခိုင်ရေးဆိုတာက တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေတဲ့ အဖွဲ့အစည်းလို့မြင်တယ်။ သူနဲ့ဆက်စပ်ပြီးတော့ ပျူစောထီးတွေ ၊ ဒလန်တွေ ရှိတယ်ဗျာ။ဒါတွေကို တွန်းလှန်ဖို့ ဒီဇင်ဘာ၁၀ရက်က ငြိမ်သက်ခြင်းသပိတ်မှာ သက်သေခံနေပြီ။ ဒါက လူထုလှုပ်ရှားမှုပဲ။ ပြည်သူတွေက ညီညွတ်ကြောင်းကို ပြသပြီးပြီ၊ တစ်ချိန်တုန်းကတော့ ဘာသာရေးတွေ ပဋိပက္ခတွေ ရကောင်းရနိုင်လိမ့်မယ်။ အခုတော့ မရတော့ဘူး။ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုတွေနဲ့ တွန်းလှန်ကြမယ်”ဟုသုံးသပ်ပြောကြားသည်။
စစ်တပ်နှင့် ၂နှစ်ကျော်ကြာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့သည့် AAအဖွဲ့သည် စစ်တပ်အာဏာမသိမ်းမီ လအနည်းငယ်အလိုတွင် စစ်တပ်နှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ပြီး တစ်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသကဲ့သို့ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ရခိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အခြားဒေသများကဲ့သို့ အင်နှင့်အားနှင့် ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။




















































