-စုံစမ်းစစ်ဆေးရေးနှင့် အရေးယူနိုင်ရေး နိုင်ငံတကာကို တွန်းအားပေးတောင်းဆို
နိုင်ငံတဝန်းအကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်သူများအပေါ်အကြမ်းဖက်မှုများကို မျက်ခြေမပြတ်အနီးကပ်စောင့်ကြည့်နေပြီး ကျူးလွန်သူများကို အရေးယူ နိုင်ရန် ကြိုးပမ်းဆောင် ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင် ရာဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၀ ရက်)ထုတ်ပြန်သည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးယန္တရားများထံ စဉ်ဆက်မပြတ်ပေးပို့နေပြီး နိုင်ငံတကာတရားမျှတမှုဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများအနေဖြင့် တရားဥပဒေရှေ့မှောက်တွင် ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်သူများ ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် အလေ့အထကို အဆုံးသတ်စေရပါမည်”ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဆိုသည်။

Public Service Announcement
ထို့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင် နိုင်ငံရေးအခွင့်အရေးများကို ကျင့်သုံးမှု များကြောင့် မတရားဖမ်းဆီးခံထားရသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်နှင့် ၎င်းတို့ကို ချွင်းချက်မရှိ လွှတ်ပေးရန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အနေဖြင့် အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံထားရသော ပြည်သူများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကူညီမှုပေးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်ရန်လည်း တောင်းဆိုသည်။
ဆက်လက်ပြီး နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကျဉ်းထောင်များအတွင်း အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်စေရေး၊ ကျူးလွန်ချိုးဖောက်သူများကို အရေးယူနိုင်စေရေးအတွက် တွန်းအားပေးတောင်းဆိုထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ် ဆင်နွှဲခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ ပါဝင်ခဲ့သော အင်းစိန်ထောင်အတွင်း ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် အကျဉ်းထောင်ဝန်ထမ်းများက အကြမ်းဖက်နှိပ်စက်မှုများ ပြုလုပ်ခဲ့မှု သက်သေအထောက်အထားများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ခိုင်လုံစွာရရှိထားသည်ဟု ထုတ်ပြန် သည်။
(အင်းစိန်ထောင် အတွင်းပိုင်းတစ်နေရာကို တွေ့ရစဥ်)


















































