မကွေးတိုင်း၊ပေါက်မြို့နယ် သရက်ကန် ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့တော်လှန်ရေးတပ်မတော်-PRAက အလစ်ငိုက်ဝင်တိုက်ရာ စစ်သားသုံးဦးသေဆုံးကြောင်း PRA ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။
ဒီဇင်ဘာ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် သရက်ကန်ရဲစခန်းကို ရှော့တိုက် ဒုန်း(၂)လုံး အသုံး ပြု၍ ကနဦးတိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မြိုင် နဲ့ ပေါက်ကို လည်း အခုရက်ပိုင်းမှာ စခ (စစ်ခွေး) အင်အား ၁၀၀ ကျော် ၂၀၀ လောက် လာတိုးထားတာ။သူတို့က သရက်ကန် ရဲစခန်းမှာအထိုင်ချတယ်ဆိုတာ သိရကတည်းက မနက်အစောကြီး အလစ်ငိုက်ဝင်တိုက်ခဲ့တယ်။ ဒဏ်ရာရတဲ့ စစ်သားတွေလည်း များတယ်”ဟု ဗိုလ်ဂျပန်ကတိုက်ပွဲအကြောင်းရှင်းပြသည်။
အဆိုပါတိုက်ပွဲတွင် PRA နှင့်အတူ Myaing PDF က ပူးပေါင်း တိုက် ခိုက်ခဲ့ပြီး ရဲဘော် တစ်ဦးတစ်ယောက်မျှ ထိခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Public Service Announcement
ဒီဇင်ဘာ ၂၁ ရက်ကလည်း ပေါက် နှင့် မြိုင် မြို့နယ် အစပ် တွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂၀ ဦးထက် မနည်း သေဆုံးကြောင်း Myaing PDF က ထုတ်ပြန်ထားသည်။
မြိုင် နှင့် ပေါက်၏ စစ်မြေပြင်အနေအထားသည် တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် မိဘပြည်သူများ၏ အကူအညီများလိုအပ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်၏ရန်မှ သတိထားနေထိုင်ရန် Myaing PDF က သတိပေးထားသည်။
















































