ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်တွင် ဒေသခံပြည်သူ ၃၅ဦးကို အရှင်လတ်လတ် ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် လုပ်ရပ်ကို ကန့်ကွက်ရှုံ့ချကြောင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ဖွဲ့စည်းထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦး(KNPLF)က ယနေ့ ထုတ်ပြန်သည်။
ကလလတအဖွဲ့ဟု ခေါ်ဆိုသည့် KNPLFသည် ၁၉၉၄ ခုနှစ် မေလက အပစ်အခတ်ရပ်စဲကာ ၂၀၀၉ တွင် စစ်တပ်လိုလားသည့် နယ်ခြားစောင့်တပ်ကို လက်ခံဖွဲ့စည်းခဲ့သည့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဖြစ် သည်။
ဖရူဆိုမြို့နယ် မူဆိုကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ရက်က စစ်ကောင်စီတပ်က ဒေသခံ ရွာသား ၃၅ဦးကို ဖမ်းဆီးစဉ် ပြည်သူလူထုက နယ်ခြားစောင့်တပ်ကို အကူအညီတောင်းခံ၍ နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲဘော် လေးဦးက သွားရောက်ညှိနှိုင်းရာ စစ်ကောင်စီတပ်က အဆိုပါရဲဘော် လေးဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုး တုပ်၍ ဦးခေါင်းကို ပစ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု KNPLFက ၎င်းတို့ တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ရမှု အခြေအနေကို ထုတ်ပြန်သည်။
ယင်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသော ကလေးနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ရွာသား ၃၅ဦးကို စစ်တပ်က ကားပေါ်ပစ်တင်၍ ဓာတ်ဆီလောင်းကာ အရှင်လတ်လတ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့ ခြင်းသည် ရာဇဝတ်မှုမြောက် အကြမ်းဖက်မှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း KNPLFက ထုတ်ပြန်သည်။
KNPLF နှင့် နယ်ခြားစောင့်တပ်မှာ ပြည်သူ့ဆန္ဒနှင့်အညီ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့သော်လည်း စစ်တပ်က မိမိတို့ ပြည်သူလူထုအပေါ် ဥပဒေမဲ့ အကြမ်းဖက် ရာဇဝတ်မှုကို ကျူးလွန်သည့် အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း KNPLFက ထုတ်ပြန်သည်။
သို့သော် KNPLF၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်ရန်ရှိ၊မရှိကို ဖော်ပြမထားပေ။