စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်သည့် ဒေသခံရွာသားအလောင်းအချို့ ထပ်မံတွေ့ရှိခဲ့၍ အသတ်ခံရသည့် ပြည်သူ ၂၀ကျော်ရှိနိုင်ကြောင်း နတ်ချောင်းရွာခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၂ရက်မှစ၍ နတ်ချောင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ခဲ့ရာ ဒေသခံများ ဖမ်းဆီးခံရခြင်း၊ ပစ်ခတ်သတ်ဖြတ်ခံရခြင်းများ ရှိခဲ့ကြောင်း၊ အချို့မှ စစ်ဘေးတိမ်းရှောင်ရာမှ နေအိမ်သို့ လိုအပ်သည့် ပစ္စည်း ပြန်ယူစဉ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

“မနေ့တနေ့ကမှ အသတ်ခံထားရတဲ့ အလောင်းတွေ အခုမှ သိတာမျိုးပေါ့။ တချို့ဆို လမ်းဘေးမှာ ဆိုင်ကယ်နဲ့ လဲပြီး သေနေတာ။ဒါဆို ကျွန်တော်တို့ သိတဲ့ ဦးလေးကြီးတစ်ယောက်ပါ။ သူ့ရဲ့မိသားစုက ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတယ်လို့ ပြောတယ်။ ဘုန်းကြီးကျောင်းကနေ အိမ်မှာ လိုအပ်တဲ့ ပစ္စည်း သွားယူတာမှာ ပစ်သတ်ခံရတယ်။ ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တဲ့ မိသားစုက ကျောင်းကိုပြန်မအိပ်ဘူးအိမ်မှာပဲ အိပ်တာလား စိတ်ပူနေကြတာ ဒီနေ့ကျမှ လမ်းမှာ ဆိုင်ကယ်ရော လူရော လဲပြီးသေနေတာ တွေ့ရတယ်” ဟု နတ်ချောင်းရွာသား တစ်ဦးက ပြောသည်။
နတ်ချောင်းရွာတွင် စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် အမျိုးသမီးနှစ်ဦးနှင့် စိတ်မနှံ့သူ တစ်ဦး အပါအဝင် ဒေသခံရွာသူ၊ ရွာသားများ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ယနေ့အထိ အလောင်းမကောက်နိုင်သေးသည့် ရွာသားအလောင်းများ ရှိနေသည်ဟု ဆိုသည်။

Public Service Announcement
“ထပ်မံ သတ်ဖြတ်ခံရတယ်ဆိုတာ ဒီနေ့မှသတ်သွားတာလား အရင်နေ့ကတည်းက သတ်သွားတာလားတော့ မသိဘူးပေါ့နော်။ သူတို့တွေက လမ်းပေါ်မှာ မြင်သမျှလူ အကုန်ပစ်တာဆိုတော့ တချို့ကျတော့ စစ်ဘေးရှောင်ရင်းနဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေ သွားယူတာမျိုးမှာ ပစ်သတ်ခံရတာ”ဟု နတ်ချောင်းရွာသားက ပြောသည်။
၎င်းက ဆက်လက်၍ “၁၁လောင်းဆိုတာက ဖြစ်စဉ် စဖြစ်ဖြစ်ချင်းမှာ အတည်ပြုထားတာ။ ၁၁လောင်းထက် ကျော်ပြီး ဒီနေ့မတိုင်ခင်ထိလည်း အလောင်းတွေ တွေ့တာရှိတယ်။ ဒီနေ့မှာ ထပ်တွေ့တာတွေရောဆိုရင် အားလုံးပေါင်း ၂၀ကျော်လောက်ရှိမယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်သည် နတ်ချောင်းရွာရှိ နေအိမ်များကိုလည်း မီးရှို့မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ နေအိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။ ယနေ့တွင် စစ်ကောင်စီတပ်များ ထွက်ခွာသွားပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဒေသခံများ ရွာသို့ မပြန်ရဲသေးဟု နတ်ချောင်းရွာခံက ပြောသည်။


















































