စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦး – အမြင့်လမ်းပိုင်းအား မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ကြရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ်တားမြစ်ချက် ထုတ်ပြန်သည်။
ချောင်းဦး – အမြင့်လမ်းပိုင်းကို ယခုအချိန်မှစ၍ အရေးပေါ်လိုအပ်ချက်အရခေတ္တပိတ်လိုက်ကြောင်း၊ နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာမထုတ်ပြန်မီအထိ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုကြရန် တားမြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ၃၀)ရက်နံနက်တွင် သတင်းထုတ်ပြန် သည်။

တားမြစ်ချက်ကိုမလိုက်နာဘဲ သွားလာပါက ဖြတ်သန်းသွားလာသူများ၏လုံခြုံရေးကို အာမမခံကြောင်း ချောင်းဦး PDFက အသိပေးသည်။
ယမန်နေ့က ချောင်းဦးPDFသည် မဟာမိတ်ညီနောင်များဖြစ်ကြသော ရေစကြို မြို့နယ် N-YSO ပြောက်ကျား တပ်ဖွဲ့ ၊Myaung Special People’s Defense Force – MSPDF ၊ မြင်းခြံ 27Revolution Forces တို့နှင့်ပူးပေါင်းကာ နယ်မြေချင်းဆက်နေသည့် မကွေးတိုင်း၊ရေစကြိုမြို့နယ်ရှိ မအူအုပ်စုတွင် တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီတပ် ကင်းလှည့်စဥ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement


















































