Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး ဒုတိယလွတ်လပ်ရေးတိုက်ပွဲဆင်နွှဲကာ အာဏာရှင်စနစ် ဖယ်ရှားပစ်ရမည်ဟု NUG ယာယီသမ္မတတိုက်တွန်း

“နိုင်ငံဟာ အချုပ်အခြာအရ လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်ခဲ့ပေမယ့် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် တွေဖြစ်တဲ့ တိုင်းရင်းသားပြည်သူအပေါင်းရဲ့လွတ်လပ်မှုကတော့ စစ်အာဏာသိမ်းမှု အောက်မှာ ပျောက်ဆုံးနေဆဲ၊ ရုန်းကန်နေရဆဲဖြစ်ပါတယ်”ဟု ဒူဝါလရှီးလက ပြောသည်။

▪️အာဏာသိမ်းစစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သည့်သတင်းများမှာ စစ်အုပ်စုက အခြေအနေမဟန်သဖြင့် လေသံပြောင်းလာခြင်းဖြစ်ဟုဆို

စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ဒုတိယလွတ်လပ်ရေးတိုက်ပွဲအဖြစ် ပြည်သူအားလုံး နည်းမျိုးစုံဖြင့် ပါဝင်ဆင်နွှဲနေသည့် ပြည်သူ့ခုခံတော်လှန်ရေးစစ်ကို ဆင်နွှဲကာ စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ဖယ်ရှား ပစ်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၄ ရက်)ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် NUG ယာယီသမ္မတက တိုင်းတပါးကျွန်ဘ၀မှ လွတ်မြောက်ခဲ့သည်မှာ နှစ် ၇၀ ကျော်ပြီဖြစ်သော်လည်း လက်ရှိတွင် တိုင်းရင်းသား ပြည်သူအားလုံး စစ်ကျွန်ဘ၀ရောက်ရှိကာ စစ်အာဏာရှင်များ၏ အကြမ်းဖက်ဖိနှိပ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရသည်က ဝမ်းနည်းဖွယ်ဖြစ်ကြောင်း ထည့် သွင်းပြောကြားသည်။

“နိုင်ငံဟာ အချုပ်အခြာအရ လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်ခဲ့ပေမယ့် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် တွေဖြစ်တဲ့ တိုင်းရင်းသားပြည်သူအပေါင်းရဲ့လွတ်လပ်မှုကတော့ စစ်အာဏာသိမ်းမှု အောက်မှာ ပျောက်ဆုံးနေဆဲ၊ ရုန်းကန်နေရဆဲဖြစ်ပါတယ်”ဟု ဒူဝါလရှီးလက ပြောသည်။

Public Service Announcement

Public Service Announcement

တချိန်က လွတ်လပ်ရေးဗိသုကာများ၏ မျှော်ရည်ချက်၊ လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင် နိုင်ငံတည် ဆောက်ရေးနှုန်းစံတန်ဖိုးများသည် လွတ်လပ်ရေးကြေညာစာတမ်း၌ ထင်ဟပ်နေခဲ့ သော်လည်း မြန်မာစစ်အုပ်စု သည် အဆိုပါ လွတ်လပ်ရေးကြေညာစာတမ်းပါ လွတ်လပ်ရေး၏ အနှစ်သာရ၊ စံတန်ဖိုးများနှင့်ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကာ နိုင်ငံကို ၎င်းတို့တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းသဖွယ် သိမ်းယူအကျိုးခံစားနေကြခြင်း အားဖြင့် တိုင်းပြည်ကို စစ်ကျွန်ဘ၀တွင် နစ်မွန်းစေခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

လွတ်လပ်ရေးကြေညာစာတမ်းအပိုဒ် ၅ တွင် ‘ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်သင်း၏ အပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစား အပ်သောနိုင်ငံမဟုတ်’ဟု အတိအလင်းဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ်ကူးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် သည်ဟူသော သတင်းများကိုတွေ့ရကြောင်းနှင့် ယင်းသည် စစ်အုပ်စုက အခြေအနေမဟန်သဖြင့် လေသံပြောင်းလာခြင်းဖြစ်ပြီး မည်သည့်အချိန်ကမျှ မူမမှန်သည့် စစ်အုပ်စုကို ယုံစားခြင်း သည် ပြည်သူ့တော်လှန်ရေးခြေလှမ်းကို တွန့်ဆုတ် နေရုံသာ အဖက်တင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“တကယ်တော့ ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်အကောင်တွေဆိုတာ နိုင်ငံရေးစားပွဲဝိုင်းကို ပို့ရမှာမဟုတ်ဘူး။ သူတို့ကို ပို့ရမယ့်နေရာက ပြည်တွင်း၊ ပြည်ပ ရာဇဝတ်ခုံရုံးများပဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် လက်ရှိအချိန် အရေးအကြီးဆုံးသည် စစ်အာဏာရှင်စနစ် အကြွင်းမဲ့ပျက်သုဉ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီတည်ထောင်ရေး အခြေခံအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် နိုင်ငံရေးအင်အားစု အားလုံး အမျိုးသားညီညွတ်မှုကို အခိုင်အမာတည်ဆောက်ပြီး ပြည်သူ့တော်လှန်ရေးမှာ ပူးပေါင်းပါဝင် ကြရန်ဖြစ်ကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။

“လွန်ခဲ့တဲ့ ၁၁ လအတွင်း အသက်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ စွန့်လွတ် အနစ်နာခံဆင်နွှဲလာခဲ့တဲ့ ဒီတော်လှန်ရေးဟာ ၂၀၂၂ အတွင်း အလှည့်အပြောင်းကာလရောက် ရှိပြီး ပြည်သူ့အောင်ပွဲများကို တဆင့်တက်ရယူနိုင်လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး” ဟု ဒူဝါလရှီးလက ပြောသည်။

စစ်ကျွန်ဘ၀မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်တိုင်းရင်းသားအပေါင်းတို့၏ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု စသည့် ဖြူစင်သည့်ဝါဒကို ပြန်လည်ဆောင်ကြဉ်းနိုင်သည်အထိ ဦးလှည့်မသုန် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။