လေးကေကော်ဒေသမှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတာကြောင့် နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင်တွေရဲ့ လုံခြုံမှုအတွက် အများကြီးစိုးရိမ်နေရသေးပြီး နယ်မြေ ငြိမ်းချမ်းမှုမရှိသေးဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၃ ရက်က လေးကေကော်ဒေသအနီး ဖလူးလေးကျေးရွာဘက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် နေရပ်ပြန်လာနေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တို့က နယ်မြေအခြေအနေတည်ငြိမ်အေးချမ်းပြီဆိုပြီး နေရပ်ပြန်နိုင်ပြီဖြစ်လို့ ပြောဆိုခဲ့တာကြောင့် နေရပ်ပြန်လာကြတဲ့ စစ်ရှောင်တွေဖြစ်ကြပြီး မနေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင် အခုလိုသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF တို့ရဲ့ နယ်မြေအေးချမ်းလို့ နေရပ်ပြန်လာနိုင်ပြီဆိုတဲ့ ပြောဆိုမှုတွေဟာ လိမ်ညာပြောဆိုမှုတွေသာဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေတွက် အဓိကအရေးအကြီးဆုံးက လုံခြုံမှုပဲဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

“နေ့တိုင်းလက်နက်ကြီးနဲ့ပစ်တယ်။ တိုက်ခိုက်မှုဖြစ်ပွားတယ်ဆိုတာက ငြိမ်းချမ်းမှုရှိတယ်ဆိုတာနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။ ဘယ်လိုမှလုံခြုံမှုမရှိဘူးလေ။ တိုက်ပွဲနေ့တိုင်းဖြစ်နေတဲ့ဟာကို။ ရွာထဲအထိကျလို့ပဲ ဒေသခံတွေထိခိုက်သေကြေမှုတွေဖြစ်နေတာပေါ့။ ဒီလိုတိုက်ပွဲအသေးကလေ နေ့တိုင်းဖြစ်နေတယ်။ အလုံးကြီးက နေ့တိုင်းပစ်ချနေတယ်။ သူတို့ရဲ့လုံခြုံမှုအတွက် အများကြီးစိုးရိမ်နေရသေးတာပေါ့။ လက်နက်ကြီးပစ်ခတ်မှုအပေါ်မှာ ဘယ်လိုမှ အေးအေးချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မနေရသေးဘူးလေ။ အမြဲတမ်း အကြောက်တရားနဲ့ပဲနေနေရတယ်။ သူတို့အတွက် အဓိကလုံခြုံမှုကတော့ အရေးကြီးဆုံးလိုအပ်နေတာပေါ့ လက်ရှိမှာ” လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ဖလူးဒေသဘက်မှာ KNLA တပ်မဟာ ၆နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

လေးကေကော်ဒေသတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၁၀၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ ရေ ဆေးဝါး အမိုးအကာစတာတွေ လိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။




















































