အသက် ၁၀၃ နှစ်အရွယ် ပူရှေ့ခန့်မန် တစ်ယောက် တမူးမြို့နယ်၊ ခမ်းပါတ်မြို့မှာ ဇူလိုင်လ နောက်ဆုံးပါတ်ကစပြီးတိုက်ပွဲတွေဖြစ်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
လာမယ့် စက်တင်ဘာလ ၁၇ ရက်မှာ အသက် ၁၀၃ နှစ် တိတိပြည့်မယ့် အဘဟာ ဇိုမျိုးနွယ်တွေထဲမှာ အသက်အကြီးဆုံးလို့ဒေသခံတွေကပြောပါတယ်။ခမ်းပါတ်မြို့ အမှတ်( ၁ )ရပ်ကွက်မှာနေတဲ့ အဘဟာ ခမ်းပါတ်မြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေ တိုက်ပွဲ ဖြစ်လို့ ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ပြည်သူ ထောင်နဲ့ ချီတဲ့အထဲက တစ်ယောက်ဖြစ်သလို စစ်ဘေးရှောင်ပြည်သူတွေထဲမှာ အသက်အကြီးဆုံးဖြစ်နိုင်ဖွယ်လည်းရှိပါတယ်။
ဘေးလွတ်မယ့်ထင်တဲ့ နေရာထွက်ပြေးတိမ်းရှောင်နေရပေမယ့် ပူရှေ့ခန့်မန်က ကျန်းကျန်းမာမာရှိနေတယ်လို့ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement
အဘဟာ ဗြိတိလျှကိုလိုနီခေတ် ၊ ဂျပန်ခေတ် ၊ လွန်လပ်ရေးရပြီးနောက်ပါလီမန်ဒီမိုကရေစီခေတ် ၊ စစ်တပ်အာဏာစသိမ်းတဲ့ အိမ်စောင့်အစိုးရခေတ် ၊မဆလခေတ် ၊ နအဖ၊နဝတခေတ် စတဲ့ ခေတ်ကာလအသီးသီးကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဂျပန်ခေတ်တုန်းကလည်း ပူရှေ့ခန့်မန် တစ်ယောက်စစ်ပြေးတွေကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ခမ်းပါတ်မြို့မှာ ဇူလိုင် ၂၂ ရက်ညကစပြီး စစ်ကောင်စီတပ်နဲ့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေတိုက်ပွဲဖြစ်ခဲ့တာပါ။အရင်တိုက်ပွဲမဖြစ်ဘူးတဲ့ခမ်းပါတ်မြို့မှာ မြို့ပေါ်တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ တိုက်ပွဲတွေပြင်းထန်သလို စစ်ကောင်စီတပ်ကသေဆုံးထိခိုက်သူများတာကြောင့် စစ်ကောင်စီတပ်က ဇူလိုင် ၂၅ ရက်ကစပြီလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒါကြောင့် ခမ်းပါတ်မြို့ပေါ်ရယ် ၊အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေရယ် စုစုပေါင်းထောင်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အချို့က ရွာတွေဘက်ပြေးသလို ၊အချို့က ကလေးမြို့ဘက်လည်းထွက်ပြေးတိမ်းရှောင်ပါတယ်။အိန္ဒိယနယ်စပ်နဲ့နီးတာကြောင့် နယ်စပ်ကနေအိန္ဒိယနိုင်ငံဘက်ထွက်ပြေးသူတွေလည်းရာနဲ့ချီရှိပါတယ်။ အိန္ဒိယအစိုးရ အစိုးရက ထွက်ပြေးလာသူတွေကိုဇူလိုင်လကုန်ပိုင်းမှာ ပြန်ခိုင်းသလို ၊အသစ်ထပ်ဝင်တာတွေလည်းခွင့်မပြုတော့ဘူးလို့ဒေသခံအချို့ကပြောပါတယ်။ ဒါပေမယ့် သြဂုတ် ၃ ရက်မှာထင်းဇင်ရွာမှာတိုက်ပွဲဖြစ်လို့ ထွက်ပြေးလာသူတွေကို ဆိုင်ကယ်နဲ့ကားတွေ အဝင်မခံပေမယ့် လူတွေကို နိုင်ငံတွင်းပေးဝင်တယ်လို့ပြည်သူအချို့က ပြောပါတယ်။
ခမ်းပါတ်မြို့နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ.စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ တပ်ချင်းဆိုင်ထားကြပြီးစစ်ရေးတင်းမာနေသလို ၊တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေပါတယ်။ စစ်ရှောင်ပြည်သူတစ်ဦး ဇူလိုင်လကုန်ပိုင်းမှာ မြို့ကိုပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေယူရမှာ စစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဒါအပြင် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး နေထိုင်မကောင်းဖြစ်တာ မှာ လမ်းတွေပိတ်နေတာကြောင့် အချိန်မီကုသမှုမခံရတဲ့အတွက် ကွယ်လွန်ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
UNOCHA ရဲ့စာရင်းတွေအရ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ကနေ၂၀၂၃ ဇူလိုင်လလယ်အထိ့ နိူင်ငံတစ်ဝန်း တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူ ၁ ဒသမ ၆ သန်းရှိတယ်လို့ဆိုပါတယ်။ စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူတွေက ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူ အရေအတွက်ဟာအဲဒီထက်အများကြီးပိုများတယ်လို့ ဆိုပါတယ်။
