မုံရွာမြို့ပေါ် နေရာအနှံ့တွင် ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသကာကွယ်ရေးမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
တိုက်ခိုက်မှုများကို Monywa Nightking၊ ACF Monywa နှင့် Monywa Phoenix Warrior စသည့် တော်လှန်ရေးညီနောင်သုံးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၃ နေရာထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီတပ် တပ်စွဲရာအနီးတဝိုက်နေရာများအား မြို့ပြပျောက်ကြားအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့ အမှတ်(၂)ရဲစခန်း၊ ကမ္ဘောဇဘဏ်ခွဲသုံးခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တစ်လုံးနှင့် ဆည်မြောင်းရုံးတို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များသည် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့တောင်ဘက် မအူကျေးရွာနှင့် လယ်ဇင်းကျေးရွာများသို့ဝင်ရောက်ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အပေါ် တုန့်ပြန်သောအားဖြင့် မုံရွာမြို့ပေါ်၌ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း မဟာမိတ်သုံးဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
ထို့အပြင် တိုက်ခိုက်မှုအတွင်း ကမ္ဘောဇဘဏ်ခွဲများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ အဆိုပါဘဏ်သည် တော်လှန်ရေးနှင့်ဆက်စပ်သည့် Kpay အကောင့်များအား စစ်ကောင်စီအလိုကျ ပိတ်ပင်မှုများပြုလုပ်နေခြင်းကြောင့်ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဥ်များကြောင့် မုံရွာမြို့တွင်းမြို့ပြင် တင်းကျပ်စွာစစ်ဆေးနေပြီးမုံရွာ-မန္တလေးလမ်း၊ မြေနဲရွာနှင့် မအူရွာကြားရှိ လမ်းမကြီး၏အနောက်ဖက် တောတဲများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် တောင်သူလုပ်ကိုင်နေသူများလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။


















































