▪️လွိုင်ကော်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ အရပ်သား ၁၅ဦးထက်မနည်း သေဆုံးရဟုဆို
ကရင်နီဒေသ တော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က ဒီးမော့ဆိုမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ယနေ့နံနက်တွင် ထုတ်ပြန်သည်။
ဇန်နဝါရီ ၂၁ ရက်က ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ ၅မိုင်နှင့် ၆ မိုင်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှစစ်ကြောင်းထိုးလာ၍ ကရင်နီတပ်မတော် (KA)၊KNDF၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းမဟာမိတ်များမှ ခုခံတိုက်ခိုက်ခဲ့ရာ တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့သည် ဟုဆိုသည်။
တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်က ယမန်နေ့ညနေပိုင်းတွင် တိုက်လေယာဉ် ၂စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၉နာရီတွင် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အများအပြားထိခိုက်ကျဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့ပြီး တော်လှန် ရေးတပ်ဖွဲ့မှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
“မနေ့ကလည်း တစ်ညလုံးတိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း တိုက်ပွဲဖြစ်တယ်။ ဒီးမော့ဆို၊ ၆မိုင်၊ ပန်ကန်း အထိပေါ့။ ဒီနေ့က တိုက်လေယာဉ်နဲ့ပါလာကြဲတယ်။ ညနေ ၅နာရီကျော်ကျော်လောက်မှာ လာကြဲတာ။ ၆မိုင်နဲ့ဒီးမော့ဆိုဘက်မှာ စုစုပေါင်းလေးကြိမ်လောက်လာချသွားတယ်။ အခုအချိန်ထိလည်းလက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတာ”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ယမန်နေ့ ည ၈နာရီခန့်တွင် ပြောသည်။

စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ဒေါရောက်ခူကျေးရွာအုပ်စု ထီးတူးခူ ကျေးရွာအနီးတွင် လေထီးတပ်များ ဆင်းသက်ခဲ့ကြောင်း၊လိုဘာခို ကျေးရွာအနီးတွင် တောင်ငူ ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်နှင့် KNDF မှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိခဲ့၍ ဆက်လက်စစ်ကြောင်းချီနိုင် ခြင်းမရှိခဲ့ဟု KNDFက ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် KNDFမှ လက်ဖြောင့်တပ်သား တစ်ဦး ကျဆုံးခဲ့ပြီး ကျဆုံးရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌လည်း အပြစ်မဲ့ အရပ်သားပြည်သူ ၁၅ဦးထက်မနည်းကို အကြောင်းမဲ့သတ်ဖြတ်ခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။
တော်လှန်ရေးတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ လက်နက်နှင့် စစ်ဝတ်တန်ဆာ အပြည့်ဖြင့် ၎င်းတို့အား တော်လှန် တိုက်ခိုက်နေသော်လည်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်မဲ့အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ယမန်နေ့တွင် စစ်ကောင်စီတပ်က လွိုင်ကော် ဒေါဥခူရပ်ကွက်သို့ စစ်ကြောင်းထိုးလာစဉ် ပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။
“ဒီနေ့တော့ ဒေါဥခူမှာ ၂ယောက်သေသွားတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးတော့ မဲမဲမြင်ရာအကုန် ပစ်သတ်တာပေါ့။ အမေးအမြန်းမရှိဘူးပေါ့။ နောက် မိုင်းလုံးဘက်မှာ ဒီနေ့မနက် ၉နာရီ လောက်က တိုက်ပွဲဖြစ်တာ ၁၂နာရီလောက်အထိ တိုက်ပွဲမရပ်ဘူး။ အိမ်တစ်လုံးမီးလောင်သွားတယ်”ဟု လွိုင်ကော်မြို့ခံက ယမန်နေ့ညတွင် ပြောသည်။
လွိုင်ကော်အပါအဝင် ကရင်နီဒေသ၌ မြို့ပြတိုက်ပွဲများဖြစ်ပေါ်နေ၍ ပြည်သူလူထုများ ဘေးကင်းရာသို့တိမ်းရှောင်ကြရန် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) က ယမန်နေ့က ထုတ်ပြန်ထားသည်။ သို့ရာ တွင် စစ်ဘေးရှောင်သွားရန် အခက်အခဲရှိသူများလည်း မြို့ပေါ် ကျန်ရှိနေသည်ဟု လွိုင်ကော်မြို့ခံက ပြောသည်။
“သူသူကိုယ်ကိုယ် ပြေးချင်ကြတာပေါ့။ ဟိုဘက်သွားပြီဆိုရင်လည်း စားဖို့သောက်ဖို့အတွက် ကုန်မှာနဲ့ဆိုတော့လေ။ အဲဒီတော့ ဒီမှာပဲ ဖြစ်သလို ရပ်တည်ပြီး နေနေကြတာ”ဟု ၎င်းက ဆိုသည်။
ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား ယခုလဆန်းမှစ၍ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များ၌ တိုက်ပွဲများ ပြင်းထန်နေသည်။ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ လွိုင်ကော်မြို့ပေါ် အပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် မြို့နေလူထုများပါ အခြားဒေသသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။


















































