မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(KBZ Bank) တစ်ခုကို သတိပေးတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မန်းအခြေစိုက်မြို့ပြပြောက်ကျားတပ်ဖွဲ့ Dragon Warrior က ယနေ့(ဇန်နဝါရီ ၂၈) ထုတ်ပြန် သည်။
မန္တလေးမြို့ စက်မှုစျေးထိပ် (၆၂) လမ်း၊ ၁၃၃ လမ်းနှင့် ၁၃၄ လမ်းရှိ KBZ ဘဏ်ခွဲ(၄၀)ကို ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“စက်မှု(၁) စံပြဈေးနားက KBZ Bank နာ နတ်သီးစားရတာ အဆင်ပြေရဲ့လားဗျ။ အထိအခိုက်တော့မသိရသေးဘူး”ဟု Dragon Warrior အဖွဲ့က ထုတ်ပြန်သည်။
အထက်ပါတိုက်ခိုက်မှုကြောင့် KBZ ဘဏ်ခွဲ(၄၀)အဆောက်အအုံမှ မှန်များကွဲသွားပြီး ဘဏ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ် မန္တလေးကင်းထောက် Vomdy က ဖော်ပြသည်။
KBZ ဘဏ်သည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများ၊ အဖွဲ့အစည်းများအပါဝင် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများလုပ်ကိုင်သော ဘဏ်အကောင့်များနှင့် Kpay အကောင့်များကို
အကြမ်းဖက်စစ်ကောင်စီအလိုကျ ပိတ်ခြင်း၊ စစ်ကောင်စီထံ အချက်အလက်များပေးပို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် စစ်ကောင်စီထောက်တိုင်အဖြစ်ရပ် တည်လျက်ရှိသော KBZ ဘဏ်ခွဲများအား တော်လှန်ရေးအဖွဲ့အစည်းများက ထိုသို့မပြုလုပ်ရန် သတိပေးစာများ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီးနောက် မန္တလေး၊ မုံရွာ၊ စစ်ကိုင်းနှင့် ပခုက္ကူ အစရှိသည့်မြို့နယ်များရှိ KBZ ဘဏ်ခွဲများ တိုက်ခိုက်ခံခဲ့ရသည်။
ဇန်နဝါရီ ၂၂ ရက်ညပိုင်းကလည်း မန္တလေးမြို့ ၃၀×၃၁ လမ်းနှင့် ၈၉ လမ်းရှိ KBZ ဘဏ်ခွဲတစ်ခု မီးရှို့ခံရသည်။