စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာရှိ ပျူစောထီးသင်တန်းစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးခန့်သေဆုံးနိုင်ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် (PPDF)က ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်) ထုတ်ပြန်သည်။
ပျူစောထီးစခန်းကို ယမန်နေ့(ဖေဖော်ဝါရီ ၁၄ရက်) ညနေ ၅နာရီခွဲခန့်က စတင်တိုက်ခိုက်ခဲ့ပြီး
တိုက်ပွဲဖြစ်ပွားချိန်မှာ ၂နာရီခန့် ကြာမြင့်ခဲ့သည်ဟု PPDFက ဆိုသည်။
“အင်အားက စခနဲ့ ပျူ ပေါင်းရင် ၄၀လောက်ရှိမယ်။မျက်မြင်အကျက လေးဦးရှိတယ်။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်”ဟု PPDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အင်မထီးရွာတိုက်ပွဲကို PPDF၊PRA ၊ပုလဲနယ်တောင်ပေါ် ပုဏ္ဏက၊ Pale Plain Defence Gr oups၊လင်းယုန်၊ Myaing Village Revolution Front နှင့်တော်ဝင်လင်းယုန်အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိခိုက် မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement
ဖေဖော်ဝါရီ၈ ရက်ကလည်း ပျူစောထီးသင်တန်းရှိရာ အင်မထီးနှင့် ဇီဖြူကုန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦးသေဆုံးခဲ့သည်။
အင်းမထီးရွာနှင့် ဇီးဖြူကုန်းရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၄၀ခန့်ဖြင့် ၎င်းလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၁၀၀ကျော်ကို ဇန်နဝါရီတတိယပတ်ကစ၍ စစ်သင်တန်း ပေးနေခြင်းဖြစ်သည်။
ပုလဲမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များသည် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်တိုက်မှု အားကောင်းနေပြီး စစ်ကောင်စီတပ်က အဆိုပါဒေသတွင် အထိနာနေသည်။


















































