Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယစ်မျိုးဆိုင်ရာစည်းကမ်းချက် ထုတ်ပြန်

မကွေးတိုင်း ဆောမြို့နယ်အတွင်း အရက်ကြောင့်ဖြစ်သော ဥပဒေမဲ့လုပ်ရပ်များ လျော့နည်းရေး၊ အရက်သောက်သုံးသူပြည်သူများ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်ရေးတို့အတွက် ယစ်မျိုးဆိုင်ရာ မြို့နယ်စည်းကမ်းကြေညာချက်အား ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။

(ဆောမြို့နယ် လောင်းရှည်ရွာ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်နေသည်ကို ၂၀၂၁ ဧပြီ ၆ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်) ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယစ်မျိုးဆိုင်ရာ ​မြို့နယ်စည်းကမ်းချက်တစ်စောင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် ကျေးရွာ၊တိုက်နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံစည်းဝေးဆုံးဖြတ်ချက်အရ ဆောမြို့နယ်အတွင်းတွင် အရက်၊ဘီယာရောင်းချမှုများအား အောက်ပါစည်းကမ်းချက်များနှင့်အညီသာ တင်သွင်းရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီထုတ် အရက်ဘီယာများအား လုံးဝရောင်းချခွင့်မပြုကြောင်း၊ ချိတ်ပိတ်အရက်များ၊ ဘီအီးအဆီ၊ ဘီအီးအမှုန့်၊ ဘီအီးအခဲများနှင့် ဘေးထွက်ဆိုးကျိုးများသော အရက်နှင့်ဆက်စပ်ပစ္စည်းများအား လုံးဝရောင်းချခွင့်မပြုကြောင်း အသိပေးထားသည်။

ထို့အပြင် ချက်အရက်ဖိုအပါအဝင် အရက်ရောင်းချသူမှန်သမျှ သက်မှတ်အခွန်ပေးဆောင်ပြီး တရားဥပဒေစိုးမိုးရေး စည်းကမ်းများနှင့်အညီသာ ရောင်းချရမည်ဖြစ်ကြောင်း၊ ထန်းရည်ရောင်းချမှုအား သက်ဆိုင်ရာကျေးရွာများ၏ သက်မှတ်ချက်များအတိုင်း ရောင်းချရမည်ဖြစ်ကြောင်း၊ ကျေးရွာတွင် အရက်ဘီယာ ရောင်းချမှုလုံးဝပိတ်ပင်ခြင်းအား ကျေးရွာသဘောတူညီချက်ဖြင့် ပိတ်ပင်နိုင်ကြောင်းယခုကြေညာချက်သည် လာမည့်မတ်လ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

“လက်ရှိကြားကာလမှာ အရက်မူးပြီးမှဖြစ်တဲ့ မုဒိန်းကျင့်လူသတ်မှု နှစ်ခု၊ လူသတ်မှု တစ်မှု၊ ပြင်းထန်ဒဏ်ရာရစေမှု နှစ်ခု ဖြစ်ပွားထားပါတယ်။ ဒါ့အပြင် အရက်မူးပြီးရမ်းကားလို့ ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်ရတာတွေလည်းရှိပါတယ်။ နောက်ပြီး ဝင်ငွေခက်ခဲတဲ့ကာလမှာ အရက်ဘီယာဖိုးထွက်ငွေတွေဟာ မလျော့နည်းဘဲရှိနေဆဲမို့ အခွန်ကောက်စနစ်နဲ့ တော်လှန်ရေးကာလမှာ အကျိုးမရှိတဲ့အသုံးပြုငွေတွေလျော့နည်းစေချင်လို့ ခုလိုဆုံးဖြတ်ခဲ့ကြတာပါ။”ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။