အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာဟုဆို
အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီဒေသတိုက်ပွဲများတွင် လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်နီးပါး အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ နောက်ဆုံးပတ် တိုက်ပွဲဖြစ်စဉ် များတွင် အကြိမ် ၄၀ခန့် လေကြောင်းမှ တိုက်ခိုက်ခဲ့ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့မှ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံ မြို့နယ်သို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် အပြင်းအထန်ထိုးစစ် ဆင်နေခြင်း ဖြစ်ကြောင်း၊ တပ်မ(၆၆)နှင့် နယ်မြေခံတပ်များပါဝင် အကြမ်းဖက်စစ် ကောင်စီတပ်များသည် အင်အား ၃၀၀ကျော်ဖြင့် ဆင်မတောင်ရွာစစ်ကြောင်းနှင့် နန်းဖယ်ခုံစစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးပြီး မိုးဗြဲ-ဒီးမော့ဆို လမ်းပိုင်းနှင့် ဆင်မတောင်၊ဆင်ဖိုတောင်စသော တောင်ကျောများတွင် တပ်စွဲထား ကြောင်း ဖော်ပြသည်။
ဖေဖော်ဝါရီ၂၂ရက် ဆင်ဖိုတောင်၊ ဆင်မတောင်နှင့် လွိုင်နန်းဖကျေးရွာအနီး နတ်ပေါက်တောင် တို့တွင်ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်များနှင့် ကရင်နီပူးပေါင်းတပ်တို့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် တို့ဖြင့် ငါးကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ၂၃ရက်တွင် ဆင်ကလေးတောင် နှင့် နန့်စံခန်းကျေးရွာတိုက်ပွဲများတွင် တိုက်လေယာဉ်ဖြင့် ၁၉ကြိမ် လာရောက် တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူနှစ်ဦး အသက်ဆုံးရှုံးရပြီး လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆို အခြေစိုက်တပ်ရင်းများမှ တာဝေးပစ် အမြောက် များဖြင့် နမ့်မယ်ခုံနှင့် အနီးကျေးရွာများသို့ အဆက်မပြတ်ပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းရှိ နေအိမ်များ လက်နက်ကြီးထိမှန်မီးလောင်ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ၂၄ရက်တွင်လည်း ဆင်မတောင်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွား ခဲ့ပြီး ဆင်မတောင် နှင့် နန်းမယ်ခုံတို့တွင် အကြမ်းဖက်စစ်ကောင်းစီမှ လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ်ထပ်မံ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၂၅နှင့် ၂၆ရက်မျးတွင်လည်း ဒီးမော့ဆို ဒေါတစေးရွာ၊ လွိုင်ကော် လင်ဖုံလေးလမ်းခွဲ အနီး၊ ဖရူဆို အခြေစိုက် ခမရ (၄၂၈) တပ်ရင်းဂိတ်၊ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက် နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ် လိုဘာခို ကျေးရွာအတွင်းသို့ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့သည်။ အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက် လာခြင်း ဖြစ်သော်လည်း ထိခိုက်မှုမရှိခဲ့ဟု ဖော်ပြသည်။
ဖေဖော်ဝါရီ နောက်ဆုံးပတ် တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သော်လည်း တိကျသည့် အရေအတွက်အတည်မပြုနိုင်ကြောင်း ၊ ဖေဖော်ဝါရီ ၂၂ရက် တိုက်ပွဲ၌ KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးအနားကျေးရွာများသို့ တာဝေးပစ် လက်နက်ကြီးများဖြင့်၊ ပစ်ခတ် ခြင်း၊ ကင်းထောက်လေယာဉ်များဖြင့် အရပ်သားပြည်သူများရှိရာ ကျေးရွာအဆောက်အဦများကို မှတ်တမ်းတင်ကာ တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။


















































