မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) သို့လွှဲပြောင်းနိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်ရေး အကြံပြုတိုက်တွန်းရန် လူ့အခွင့်အရေးကောင်စီကို အရပ်ဘက်အဖွဲ့အစည်း ၁၁၆ဖွဲ့က ယမန်နေ့(မတ်လ ၇ ရက်)တွင် တောင်းဆိုထုတ်ပြန်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာ နိုင်ငံအတွင်း ဆိုးရွားလှသော ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရန်အတွက် တရားစီရင်ရေးစနစ်တည် ထောင်ရေး နည်းလမ်းများရှာဖွေရန် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း(CSO) ၁၁၆ ဖွဲ့က အိတ်ဖွင့်ပေးစာထုတ်ပြန်ကာ အရေးတကြီးတောင်းဆိုခြင်းဖြစ်သည်။
၂၀၁၇ တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် တခြားတိုင်းရင်းသားပြည်သူလူထူ အသိုင်းအဝိုင်းများအပေါ် ဆယ်စုနှစ်များစွာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို စစ် တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို နိုင်ငံတဝန်းကျူးလွန်နေကြောင်း ကုလသမဂ္ဂက ထပ်တလဲလဲ ပြောနေရုံဖြင့်မလုံလောက်ဟု အရပ်ဘက်အဖွဲ့များက ထောက် ပြသည်။
ကုလသမဂ္ဂသည် ယခင်လုပ်နည်းအတိုင်း ချဉ်းကပ်တုံ့ပြန်ခြင်းမျိုး ဆက်မလုပ်ဘဲ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးရမည့် ၎င်း၏ တာဝန်၀တ္တရားများကို ဝင်ရောက်လုပ်ဆောင်ရမည်ဟု ယင်းအရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။

Public Service Announcement
ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူများ၏ သဘောထားဆန္ဒ၊ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေးလုပ်ဆောင်ရန်၊ မြန်မာစစ်တပ်၏ ပြစ်ဒဏ်ပေး အရေးယူ ခံရမှု ကင်းလွတ်နေခြင်းကို အဆုံးသတ်ရန် ကုလသမဂ္ဂက အပြည့်အ၀ပံ့ပိုးကူညီပေးရမည်ဟု ဆက်လက်တောင်းဆိုထားသည်။


















































