ပုဂ္ဂလိကဘဏ်များတွင် ငွေသားဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ပြင်ဆင်သတ်မှတ်ထားသော အချိုးကို တစ်နှစ်ထပ်တိုးပေးကြောင်း အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က မတ် ၂၅ ရက်စွဲဖြင့်ထုတ်ပြန်သည်။

ဘဏ်များက ဗဟိုဘဏ်ကို အပေါင်တင်ထားရသည့်ငွေကြေးကို အပ်ငွေ၏ ၀ ဒသမ ၂၅ ရာခိုင်နှုန်းသာထားရှိရတော့မည်ဟု အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ နှစ် နိုဝင်ဘာ ၂၅ ရက်ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက ဘဏ်များတွင်ငွေသားစီမံခန့်ခွဲမူကောင်းမွန်စေရေးနှင့် ဘဏ်စနစ်အတွင် ငွေကြေးလုံလောက်စေရန်အတွက်ဆိုကာ ဘဏ်များက ထားရှိရမည့် အနည်းဆုံးသီးသန်ငွေ(ဗဟိုဘဏ်ကို အပေါင်တင်ရသည့်ငွေ)ကို ဘဏ်များ၏ ငွေစာရင်းရှင်အပ်ငွေ(CAB)အပြင် ဘဏ်တွင်လက်ဝယ်ထားရှိသည့် ငွေသားကိုပါ ထည့်တွက်ရန် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ယမန့်နှစ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခင်က ပြည်တွင်းဘဏ်များက အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ၅ ရာခိုင်နှုန်းသတ်မှတ်ထားပြီး အရပ်သားအစိုးရလက်ထက် ကိုဗစ်ကာလတွင် ဘဏ်များအဆင်ပြေစေရန် ၃ ဒသမ ၅ ရာခိုင်နှုန်းအထိလျော့ချပေးခဲ့သည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဘဏ်များအပေါ်ပြည်သူများယုံကြည်မှုကျဆင်းပြီးငွေများ အလုအယက်ထုတ်ကြချိန်တွင် ဘဏ်များ၌ငွေနည်းနေချိန်တွင် စစ်ကောင်စီက ၂၀၂၁ အောက်တိုဘာ ၇ ရက်တွင်ဘဏ်များ၏ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ၃ ရာခိုင်နှုန်းအထိလျော့ခဲ့သည်။
ထိုအပြင် ထို ၃ရာခိုင်နှုန်းအနက်မှ ၇၅ရာခိုင်နှုန်း(အပ်ငွေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်း)ကို ဘဏ်များတွင်သာထားရှိရန်နှင့် ကျပန်း ၂၅ ရာခိုင်နှူန်း (ဘဏ်အပ်ငွေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်း)ကိုသာ ဗဟိုဘဏ်တွင် ထားရှိရန် စစ်ကောင်စီကပြောင်းလဲသတ်မှတ်ခဲ့သည်။
ထိုသို့ကန့်သတ်ခြင်းမှာ ဘဏ်များတွင် ငွေကြေးလုံလောက်မူကို အထောက်အကူပြုစေရန်အတွက်ဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်၏ ဗဟိုဘဏ်ကဆိုသည်ကန့်သတ်ချက်ကို လိုက်နာမူမရှိသည့်ဘဏ်များကို ဒဏ်ကြေးတပ်သွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားသည်။
“ဘဏ်တွေ ရပ်တည်ဖို့ ခက်ခဲနေတယ်။ မလည်ပတ်နိုင်ဘူးဆိုတာ ပြသနေတာဘဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူပြီးနောက် စစ်ကောင်စီနှင့် ဘဏ်များအပေါ်မယုံသဖြင့် ပြည်သူများက ဘဏ်မှငွေများပြန်ထုတ်ကြရာ အပ်သူမရှိဘဲ ပြန်ထုန်သူသာများပြီးနောက်ငွေထုတ်ပေးမူကို ကန့်သတ်ခဲ့သည်။ ထိုသို့ကိုယ့်ငွေကိုယ်ပြန်ထုတ်သည့်အပေါ် ကန့်သတ်မူများလာပြီး ငွေထုတ်ရခက်ခံလာသောကြောင့် လူထုက ဘဏ်များအပေါ်လူထုယုံကြည်မှုပိုမိုကျဆင်းနေပြီး အပ်နှံသူနည်းနေခြင်းဖြစ်သည်။
