▪️စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၁၀၀ကျော်ပြုလုပ်ခဲ့
ကရင်နီဒေသ၌ တိုက်ပွဲပေါင်း ၂၂၅ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၉၀၀ ကျော်သေဆုံး ခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF)က ယနေ့ သတင်းထုတ်ပြန်သည်။
မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီတပ် အာဏာသိမ်း ပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ၁ရက်မှ ၂၀၂၂ မတ်လ ၃၁ရက်အထိ ကရင်နီ ပြည်အတွင်း ဖြစ်ပေါ်ခဲ့သည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေ အကျဉ်းချုပ်ကို ယနေ့(ဧပြီ ၁ရက်) ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကရင်နီဒေသတွင် ၂၀၂၁ မေလတတိယပတ်မှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယခုမတ်လကုန်အထိ ၁၀လကျော် ကာလ အတွင်း ကရင်နီဒေသကာကွယ် ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲပေါင်း ၂၂၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၉၃၃ဦးသေဆုံးခဲ့သည်ဟု PKPFက ဆိုသည်။

Public Service Announcement

အဆိုပါတိုက်ပွဲများအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကရင်နီတပ်မတော်(KA)တို့မှ ကျဆုံးခဲ့သူ ၁၀၁ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲများတွင် အထိနာသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် တင့်ကားအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု ၁၀၈ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအများစုမှာ ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်း-ကယားနယ်စပ် မိုးဗြဲဒေသ တိုက်ပွဲများ၌ဖြစ်သည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အုံ ပျက်စီးခံမှု ၁၄လုံးနှင့် လူနေအိမ်ခြေ ၈၈၉လုံး ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်မှု များ၊ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား စုစုပေါင်း ၂၄၇ဦးသေဆုံးခဲ့ရပြီး မတရားဖမ်းဆီးခံရသူ ၂၂၁ ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။
လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်က ကရင်နီဒေသသို့ အင်အားဖြည့် တင်း ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေသကဲ့သို့ ဒေသကာကွယ်ရေးတပ်များ ကလည်း ပြောက်ကျားနည်းလမ်း အပါအဝင် ခုံခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဓိကတိုက်ပွဲဖြစ်ပွားရာ ဒေသများမှာ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲနှင့် ဘောလခဲ စသည့်ဒေသများ ဖြစ်သည်။


















































