စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွာသစ်ကျေးရွာအား မီးရှို့ရန်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးအုပ်စု မိုင်းဆွဲခံရပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးသူများနိုင်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ယနေ့(ဧပြီ ၃ ရက်) ထုတ်ပြန်သည်။
ယမန်နေ့(ဧပြီ ၂ရက်) ည ၉နာရီ ၁၀မိနစ်ခန့်တွင် တန့်ဆည်မြို့နယ် စိမ်းလန်းရုံးရှေ့နှင့် ဝရငယ်-ရွာသစ် ကျေးရွာအနီးတွင် တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)၊ Myanmar Defense Force – Taze Tiger နှင့် ရွှေဘိုခရိုင်တပ်ရင်း(၁၀) တို့ ပူးပေါင်း၍
မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်များအရ တန့်ဆည်ရဲစခန်းမှကား နှစ်စီးဖြင့် စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၂၀ခန့်အနက်အချို့ကို စိမ်းလန်းရုံးအနီးကင်းပုန်းချပြီးနောက် ရွာသစ်ကျေးရွာအား မီးရှို့ရန်ထွက်ခွာခဲ့သည်။

“မတ်လ ၃၁ ရက်က ရွာသစ် ရွာကို ဒီကောင်တွေ ဝင်မီးရှို့ထားခဲ့တာ။အဲဒီတုန်းက နေအိမ် နဲ့တဲ ရှစ်လုံးပါသွားတယ်။မနေ့က ည က ဒုတိယအကြိမ် ထပ်ဝင်ဖို့ လုပ်တာ။ကျွန်တော်တို့လည်း သတင်းကြိုရတာနဲ့ စောင့်ပြီး မိုင်းဆွဲ နိုင်ခဲ့တာ”ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အသင့်ထောင်ထားထားသည့် မိုင်းများဖြင့် တန့်ဆည်မြို့နယ် စိမ်းလန်းရုံးအနီး နှင့် ရွာသစ်ကျေးရွာအနီးတွင် နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က အသိပေးသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်တွင် စစ်ကောင်စီနှင့် ပျူစောထီး ၁၅ဦးခန့်မှာ အပြင်းအထန်ထိခိုက်ခဲ့ပြီး (သေဆုံးသူများပြားနိုင်) စစ်ကောင်စီတပ်သား တစ်ဦးခန့်သာ ပြန်လည်ပစ်ခတ်မှုရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော် ပြသည်။
ထို့အပြင် စစ်ကောင်စီကားနှစ်စီးအနက် တစ်စီးမှာ မီးလောင်ပျက်စီးသွားပြီးကျန် တစ်စီးမှာလည်းထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။


















































