စစ်ရေးပြင်းထန်၍ ဒေသခံများလည်း စစ်ရှောင်နေရဟုဆို
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းကို ကရင် အမျိုးသားအစည်း အရုံး(KNU)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းကျသွားပြီ ဖြစ်ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။
“သတင်းရရှိတာတော့အတိအကျပဲ။ တောင်ကြာအင်းမှာတော့ ရဲတို့တပ်တို့ မရှိတော့ဘူး။ ဒါပေမဲ့ တောင်ကြာအင်းနဲ့မြောက်ကြာအင်းဆိုတာက ချောင်း တစ်ဖက်စီဖြစ်နေတယ်။ အဲဒီချောင်းမှာလည်း တံတားကြီးတစ်ခုထိုးထားတယ်။ တစ်ဖက်ကမ်းစီဖြစ်နေတာ။မြောက်ကြာအင်းဘက်အခြမ်းက စကစ တွေရှိနေတယ်။ တံတားပေါ်မှာမှ လက်နက်ကြီးတွေ အော်တို ဆက်လက်တွေထောင်ထားပြီးမှ ဒီဘက်ကို တည်ထားတယ်။ ဒီဘက်မှာ ရှိတဲ့တပ်ကလည်း နေရာယူထားပြီးတော့ ထိုးစစ်ဖို့ စီစဉ်နေတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့တိုက်ပွဲအတွင်း ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန် ၍ ဒေသခံများ တိမ်းရှောင်ခဲ့ရကြောင်း ကော့ကရိတ်ဒေသခံက ပြောသည်။

Public Service Announcement
“ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ခိုလှုံနေရပေမယ့် တကယ်တိုက်ပွဲ အပြင်းအထန် ဖြစ်နေ တဲ့ အနေအထားတစ်ခုအပေါ်မှာ ဘုန်းကြီးကျောင်းမှာ လည်း အန္တရာယ်ကင်းနိုင်တဲ့ အနေအထားတစ်ခုမရှိပါဘူးဗျ”ဟု ၎င်းက ဆိုသည်။
ယနေ့ ကော့ကရိတ်မြို့နယ်တွင် နေရာသုံးခုထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု သိရကြောင်း ဒေသခံက ပြောသည်။
“ကော့ကရိတ်မှာတော့ တောနော်ရေတံခွန် အောက်မှာလည်းဖြစ်တယ်။ ကော့နွယ် အနီး တဝိုက်မှာလည်းဖြစ်တယ်။ နောက်တစ်ခါ တောင်ကြားအင်း ဘက်မှာလည်း ဖြစ်တယ်။ အဲဒါ ဖြစ်တယ်ဆိုတော့ ဒေသခံလူထုတွေ သွားလာမှုတွေ နည်းနည်းဆင်ခြင်စေချင်တာပေါ့။ ဖြစ်တာက သူလည်းလှမ်းထု ကိုယ်လည်းလှမ်းထုပုံစံပေါ့”ဟု ၎င်းက ပြောသည်။
ကော့ကရိတ်မြို့နယ်၌ နေရာအသီးသီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံများ စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း၊ ကော့ကရိတ် – မြ၀တီ အရှလမ်းပိုင်း အသုံးပြုသူများ အနေဖြင့်လည်း တိုက်ခိုက်မှုများအကြား အန္တရာယ်ကြုံရနိုင် ကြောင်းလည်း ဒေသခံက သတိပေးသည်။
“အာရှလမ်းက အခုအချိန်မှာ တကယ့်ကို အန္တရာယ်ကြီးမားတဲ့ အနေအထား ဖြစ်နေပြီ။ ဆိုတော့ တိုက်ပွဲသံတွေ တညံညံ နေ့ရောညရောပဲ”ဟု ၎င်းက ပြောကြားပြီး အဆိုပါလမ်းကို လတ်တလောအသုံးမပြုရန် တိုက်တွန်းသည်။
ယနေ့ ကော့ကရိတ် – မြ၀တီလမ်း၌ ယာဉ် နှစ်စီးထက်မနည်းမီးလောင်ပျက်စီး ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကော့ကရိတ် – မြ၀တီလမ်း၊ မြ၀တီ – ဝေါ်လေလမ်းကို မတ်လ ၂၇ရက်မှစ၍ အသုံးပြုခြင်း မပြုရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ကော့ကရိတ်မြို့နယ် က သတိပေး ထုတ်ပြန်ထားသည်။


















































