ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၃၃၅ မိုင် တစ်ဖာလုံ တွင် တပ်စွဲထားပြီး အနီးကျေးရွာများ နှင့် ခရီးသွား ပြည်သူများအား ဒုက္ခပေးနေသော ဗိုလ်ကြီး ဦးဆောင်သည့် ကင်းဂိတ်အား ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၂ နာရီ အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့အနေဖြင့်အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်းသိ့ရသည်။

“ အခင်းဖြစ်နေရာက တံတားဦးမြို့နယ်ထဲပါပါတယ်။ အမြန်လမ်း ရဲကင်းပေါ့ဗျာ။ ဒီကာလကြီးမှာတော့ စစ်တပ်ကပဲ အထိုင်ချပြီး နေနေတာ။ သုံးပွင့်ဗိုလ်တစ်ယောက် ဦးစီးပြီး အထိုင်ချပြီး နေနေတာ။ အင်အား ၁၅ ယောက် ဝန်းကျင်လောက်ရှိမယ်။ ဒီကောင်တွေ အလစ်အငိုက်ကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့က ပစ်ထည့်လိုက်ပြီးတော့ ပြန်ဆုတ်လာတာ။” ဟု ကျောက်ဆည်နဂါး ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည် ဧပြီ ၈ရက် ည ၁နာရီခွဲ အချိန်ကလည်း ကျောက်ဆည် ခရိုင်၊ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင် ကင်းဂိတ်အား ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ နှင့် People Revolution force Kyaukse (PRFK)တပ်ဖွဲ့တို့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှုးတစ်ဦး အပါအဝင် စစ်သား၁၂ ကျဆုံးကြောင်း ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
