စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကျွန်းချောင်းအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာ၍ စစ်ကြောင်း ပြန်လည်ဆုတ်ခွာရပြီး စစ်ကောင်စီတပ်သားသုံးဦး သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက People’s Springသို့ ပြောသည်။
တိုက်ပွဲမှာ ယမန်နေ့ (ဧပြီ ၂၀ရက်) နေ့လယ် ၃ နာရီခွဲခန့်ကစတင်ခဲ့ပြီး အင်အား ၇၀ကျော်ပါ စစ်ကောင်စီတပ်ကို အရာတော် (ပကဖ)၊ နယ်မြေခံတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ၊ ရွှေဘို(ပကဖ)နှင့် ဒီပဲယင်း(ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နောင်ကြီးအိုင်ရဲစခန်းကနေ ထွက်လာတဲ့ စစ် ကြောင်းကို စောင့်တိုက်တာပါ။မိနစ် ၂၀ လောက်ကြာတယ်။သူတို့ဘက်ကလက်နက်ကြီး အများဆုံးသုံးသွားတယ်။ဒါပေမယ့် ကျွန်တော်တို့ အင်အားနဲ့ ပစ်အားအရ စောင့်တိုက်လို့ စခ တွေ ပြန်ဆုတ်သွားခဲ့ရတယ်”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အပြေးပြန်လည်ဆုတ်ခွာသွားသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းမှ ကျန်ရစ်ခဲ့သော ကျည်ဘောက်တစ်ခု၊ ၇ ဒဿမ ၆၂ ကျည်အချို့နှင့် ၅ ဒဿမ ၅၆ ကျည်အနည်းငယ်တို့ကိုသိမ်းဆည်း နိုင်ခဲ့သည်။

Public Service Announcement
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ဧပြီ ၁၉ ရက်ကလည်း အရာတော်မြို့နယ်ရှိ အမှတ် (၅၀၀၄) တင့်ကားတပ်အား လျှပ်စီးမိုးကြိုးမုန်တိုင်း တပ်ဖွဲ့နှင့် ဗိုလ်မိုးသီးအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ထား သည်။
















































