Connect with us

Hi, what are you looking for?

LuduNwayOo

News

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို တွေ့ဆုံ​ဆွေး​နွေးလိုဟုအာဏာသိမ်းခေါင်း​ဆောင်ဖိတ်​ခေါ်မှုလက်ခံနိုင်စရာမရှိဟု KNU တာဝန်ရှိသူ​​ပြော

စစ်ရေး၊ နိုင်ငံရေးအကြပ်အတည်းများအပြင် သံတမန်ရေးတွင်လည်း အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်အပြုမခံရသလို ၊နိုင်ငံ့စီးပွား​ရေးမှာလည်း ပို၍ ကြပ်တည်းလာ​နေသည်။

နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းကြုံနေ၍ ထွက်ပေါက်ရှာခြင်းဖြစ်နိုင်ဟု KIA တာဝန်ရှိသူသုံးသပ်

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလို၍ မေလ ၉ရက်နောက်ဆုံးထား၍ အမည်စာရင်းပေး ပို့စေလိုကြောင်း ၎င်းကိုယ်တိုင် ထွက်၍ ဖိတ်ခေါ်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက လက်ခံနိုင်စရာမရှိဟု တုံ့ပြန်ပြောကြားလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို လက်တွေ့ကျကျ ထိရောက်စွာ အဖြေရှာလို၍ဟုဆိုကာ နိုင်ငံတစ်ဝန်းစစ်​ကြောင်းများ​စေလွှတ်တိုက်ခိုက်​နေ​သော်လည်း အထိနာလာ​သောစစ်​ကောင်စီတပ်​ခေါင်း​ဆောင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ယနေ့( ဧပြီ ၂၂ရက်)တွင် ရုတ်တရက်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်” ဟု စစ်ကောင်စီခေါင်းဆောင်က ပြောသည်။ ထို့နောက် စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီး၏ ခေါင်းဆောင်များ ကိုယ်တိုင်နှင့် အဖွဲ့ဝင် ၂ဦးစီ တက်ရောက်ရန်နှင့် မေလ ၉ရက်နေ့ နောက်ဆုံးထား ပြန်ကြားပေးစေလိုကြောင်း မင်းအောင်လှိုင်က ပြောသည်။ယ​နေ့ စစ်​ကောင်စီ၏ ဝါဒဖြန့် မြဝတီ ရုပ်သံမှ ထုတ်လွှင့်​ကြေညာရာတွင် မင်း​အောင်လှိုင်​၏ ရုပ်မှာမျက်စီပျက် ၊မျက်နှာပျက်ဖြစ်ပြီး သုံမှုန်​နေသည်ကို​တွေ့ရသည်။

ယင်းနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ကျွန်တော်တို့ဘက်က သုံးသပ်တာတော့ သူက နည်းလမ်းပေါင်းစုံနဲ့ လျှောက်ပြီး သူစမ်းကြည့်တယ်။ တစ်ဖက်က သူလုပ်ချင်တာတွေလျှောက်လုပ်တယ်။ နောက်ဆုံးကျတော့ အမြှီးအမောက်မတည့်တာတွေလည်း အများကြီး လုပ်ခဲ့တယ်။ဘွဲ့ပေးတာကအစ။ သူမအောင့်အည်းနိုင်ဘဲ သူ့ဘာသာသူထပေးတယ်။ သေတဲ့သူလည်း လျှောက်ပေးတယ်။ အဲဒီလိုဟာမျိုးတကယ့် အမြှီးအမောက်မတည့်တာတွေ တစ်နေ့တစ်ခြား မရိုးရအောင်လုပ်နေတာရှင်းနေတာပဲ။ နောက်ဆုံးအခြေအနေမှာ ဘာမှ အရာမထင်တဲ့သူတွေလျှောက်စမ်းကြည့်ခဲ့တာ အခု နောက်ဆုံးကျတော့ သူကိုယ်တိုင် လူလုံးပြပြီး သူလုပ်ရင် ရမလားဆိုပြီးတော့။ မရဘူးဗျ။ အနာတခြား ဆေးတခြားဘဲ” ဟု ပြောကြားသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို ယခင်ကလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီအနေဖြင့် ပြည်သူလူထု အပေါ် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်သည့် လုပ်ရပ်များကို ပြောင်းလဲခြင်းမရှိကြောင်း ၎င်း ကဆက်​ပြောသည်။

“အဲဒါကြောင့် လက်ခံနိုင်စရာ အကြောင်းမရှိဘူး” ဟု ပဒိုစောတောနီးက ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် လိုအပ်သည့် အချက်များမှာ စစ်ကောင်စီခေါင်းဆောင်လူလုံး ထွက်ပြခြင်းမဟုတ်ဘဲ စစ်တပ် နိုင်ငံရေးကထွက်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီကို လက်တွေ့အကောင်အထည်ဖော်ရန်၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ တရားမျှတမှု၊ နိုင်ငံတကာ ပါဝင်ပတ်သတ်မှု စသည့် အချက်များကို လက်ခံရန် စသည်တို့ဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။

“အဲဒါကို ဒီ တစ်ခါမှာသူတို့ လက်ကို လက်ခံရမယ်။ ဘာလို့လည်းဆိုရင် သတ်တာဖြတ်တာ တွေက မတရားကြီး ဖြစ်နေတဲ့ဟာအသားလွတ်ကြီး မေ့လို့မရတော့ဘူး။ အဲဒါ အမှန်တရားဖော်ထုတ်ရေးဆိုတာ လုပ်ကို လုပ်ရတော့မှာ။ အဲဒါ သူလက်ခံရမယ်” ဟု ၎င်းက ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီခေါင်းဆောင်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး KIO ဗဟိုကော်မတီ၌ သဘောထား ယူရမည်ဖြစ်ကြောင်း ဖြေကြားသည်။

မင်းအောင်လှိုင်၏ ပြောဆိုချက်အပေါ် မှတ်ချက်ပြုပေးရန် ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ
“ကျွန်တော့်သုံးသပ်ချက်ကတော့ သူလည်း အကြပ်အတည်း ကြုံနေလို့ လမ်းကြောင်းရှာတယ်လို့ပဲ အဲဒီလို ထင်မိပါတယ်။ နိုင်ငံရေးအရ အကြပ်အတည်း စစ်ရေးအကြပ်အတည်း ကြုံနေလို့ သူလည်း ထွက်ပေါက်တွေ လမ်းကြောင်းတွေရှာနေတဲ့ သဘောမျိုးနဲ့ သူက အဲဒီလိုမျိုး ပြောလာတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်များသည် ကရင်၊ ကချင် ၊ ချင်း၊ ကရင်နီ၊ရှမ်း ပြည်နယ်များနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊တနသာ်ရီတိုင်းတို့ အပါအဝင် နိုင်ငံတစ်ဝန်း၌ စစ်မျက်နှာများ ဖွင့်ထားရပြီး တိုက်ပွဲများ၌လည်းသေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။ ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များ၊ ဒေသကာကွယ်ရေးတပ်များနှင့် မြို့ပြပြောက်ကျား တပ်များကလည်း စစ်ကောင်စီကို နည်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် KNU ၊ KIA ၊ CNF ၊ KNPP ၊MNDAAစ​သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း စစ်​ကောင်စီတပ်ဆက်တိုက်တိုက်ခိုက်​နေသည်။

စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းရန် အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်လာနေသည့် စစ်သားနှင့် ရဲများလည်း တစ်နေ့တခြားတိုးပွားလျက်ရှိသည်။အချို့ CDM တပ်မ​တော်သားနှင့် ရဲများကပင်EAO နှင့် PDF များနှင့်​ပေါင်း၍စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်ခိုက်​နေသည်။

စစ်ရေး၊ နိုင်ငံရေးအကြပ်အတည်းများအပြင် သံတမန်ရေးတွင်လည်း အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်အပြုမခံရသလို ၊နိုင်ငံ့စီးပွား​ရေးမှာလည်း ပို၍ ကြပ်တည်းလာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။