●စစ်ကောင်စီ၏ဆွေးနွေးရေးအကျိုးမရှိဟုသုံးသပ်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုမင်းအောင်လှိုင်ကိုယ်တိုင်ဖျက်ခဲ့ဟုပြော
ပြည်သူ့ကာကွယ်ရေးတပ်(PDF) မပါဘဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲလုပ်မည်ဆိုပါက မြန်မာပြည် ငြိမ်းချမ်းရေးရမည် မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး
(KNU) ဝါရင့်ခေါင်းဆောင် တစ်ဦး ဖြစ်သူ ပဒိုစောသမိန်ထွန်းက ပြောကြားသည်။
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကို ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်း၏ ပြောကြားချက်ကို KNU ဗဟို က ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်ထင်ပါတယ်။ စစ်ကောင်စီခေါ်တဲ့ဟာက သူ့အတွက် ဘာတွေအကြပ်အတည်းရှိလို့ ခေါ်မှန်းမှ မသိတာ” ဟု ၎င်းကပြောသည်။

Public Service Announcement
မင်းအောင်လှိုင်အနေဖြင့် နည်းဗျူဟာစနစ်တကျ ချထားခြင်းမရှိသော်လည်း ပရိယာယ်များ၍အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ လှုပ်ရှားမှုကို မခန့်မှန်းတက်ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။
“ဒါပေမဲ့ တောက်လျှောက် ကျွန်တော်တို့ ဖြတ်သန်းလာပြီးသူတို့နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်း ၊ အိပ်လိုက်စားလိုက်နဲ့ နေခဲ့တဲ့ ကာလပတ်လုံးကတော့ ဘယ်လိုမှ ကျွန်တော်တို့ ရချင်တဲ့ အခွင့်အရေးလေး နည်းနည်းတောင်မရဘူးဆိုတာကျွန်တော်တို့ လက်တွေ့အရ ကျွန်တော်တို့သိရတယ်။” ဟု ၎င်းက ဆက်ပြောသည်။
KNU အနေဖြင့် အဖွဲ့အစည်းက ချမှတ်ထားသည့် မဟာဗျူဟာ နည်းဗျူဟာအတိုင်းသာသွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် တွေ့မည်မတွေ့မည် မပြောလိုကြောင်း၊ ယခု သွားတွေ့မည့် အဖွဲ့အစည်းများ သွားပါကလည်း ဆွေးနွေးရေး အကျိုးမရှိ သည်ကို လက်တွေ့ကြုံရမည်ဖြစ်ကြောင်း
ပဒိုစောသမိန်ထွန်းကပြောသည်။
“အဲဒီတော့PDF မပါဘဲနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ ခေါ်တယ်ဆိုတာ ဗမာပြည်ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ဘူး။အားလုံးကို ခေါ်ပြီး အားလုံးကို ဖြေရှင်းမှ ရနိုင်မယ်” ဟု ၎င်းကဆက်ပြောသည်။
ဆက်လက်၍ ပဒိုစောသမိန်ထွန်းက “ခေါ်တာကလည်း EAO လက်နက်ကိုင်အဖွဲ့အစည်းတွေပဲပါရမယ်တဲ့ ။ အဲဒီတော့ တခြား လက်နက်ကိုင် အဖွဲ့အစည်းမပါရဘူးဆိုတော့ PDFကို ပြောတာ ဖြစ်မှာပေါ့။PDFမပါဘဲနဲ့ကဲတိုင်းရင်းသားEAO တွေကိုပဲရပြီထား ဒါကြီးက ပြေငြိမ်းမှာလား။ မရဘူး။ ဒီလိုပဲ ဆက်သွားနေမှာပဲ။ တစ်စုံတစ်ရာ အချိုသတ်လိုက်တဲ့ ပုံပဲ။ သူ့အကွက်ထဲပဲ ပြန်ဝင်မှာပဲ။ အဲဒီလိုဟာကြီးကို သူက လုပ်တာ” ဟု ပြောကြားသည်။
လက်ရှိ စစ်ကောင်စီက ဆွေးနွေးရန် ဖိတ်ခေါ်သည့် အချိန်သည် တိုင်းပြည်အနှံ့ သေနတ်သံ ဗုံးသံများ ပေါက်နေချိန်ဖြစ်၍ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း KNU ဝါရင့်ခေါင်းဆောင်ကသုံးသပ်သည်။
“နောက်သူ့တပ်မတော်တွင်း အခြေအနေကိုလည်း သူတို့ သုံးသပ်ပုံရတယ်။ အဲဒီ အခြေအနေအပေါ်မှာ သူတို့က ခေါ်လိုက်တာ။ ခေါ်လိုက်တာဆိုတော့ သူတို့က တိုင်းပြည်ရဲ့အခြေအနေကို သူက ဘယ်လိုပြောင်းလဲအောင်လုပ်နိုင်မလဲ” ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။
KNU အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ၂၀၁၂ ကတည်းက အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ကာ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ သို့သော်လည်း တိုင်းရင်းသားများ လိုလားသည့် စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးဆိုင်ရာ အချက်များ မရကြောင်း ၎င်းက ပြောသည်။
မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီအနေဖြင့် ၎င်းတို့ ပြောဆိုနေသည့် ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အချက်များကို မလုပ်နိုင်ခဲ့ကြောင်း ပဒိုစောသမိန်ထွန်းက ပြောသည်။
“ဒီလိုပုဂ္ဂိုလ်က မဲရွေးကောက်ပွဲမှာ အခြားပါတီတစ်ခုက အနိုင်ရသွားတော့ မဲလိမ်တယ် မဲခိုးတယ်ဆိုပြီး အကြောင်းပြ အာဏာသိမ်းလိုက်တာ။ အာဏာသိမ်းလိုက်တဲ့အခါကျတော့ ၂၀၀၈ ဖွဲ့စည်းပုံကို သူက အသက်ပေးကာကွယ်မယ်ဆိုတာ၊ ၂၀၀၈ ဖွဲ့စည်းပုံကို သူပဲဖျက်တာ။ ဒီလိုဖျက်ပြီးမှ အခုကျမှ တစ်ပြည်လုံးက သူမထင်မှတ်ထားတဲ့ တစ်ခါတည်း ပြည်သူလူထုကြီးရဲ့ အုံကြွဆန့်ကျင်မှုကလက်နက်ကိုင်တော်လှန်ရေးအဆင့်ကို ရောက်သွားတာ” ဟု ၎င်းကသုံးသပ် ပြောသည်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေကလည်း စစ်ကောင်စီအတွက် တစ်စုံတစ်ရာ အကြပ်အတည်းရှိနိုင်သည့် အချိန်ကာလဖြစ်သည်ဟု၎င်းကဆိုသည်။
