▪️ရန်ကုန်ရေဝေးသုဿန်၌ မီးသင်္ဂြိုလ်ပြီး အရိုးပြာကို သီပေါမြို့ လွယ်ခုပ်တောင်ရှိ သီပေါတော်ဝင်မိသားစု သင်္ချိုင်းတွင် ဂူသွင်းထားရှိမည်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ကျော် တာဝန်ယူခဲ့သည့် ဦးခွန်ထွန်းဦးသည် ယနေ့ ကွယ်လွန်သွားရာ ၎င်း၏ ဈာပနကို မေလ ၂ရက်တွင် ပြုလုပ်မည်ဟု SNLD က သတင်းထုတ်ပြန်သည်။
ကွယ်လွန်ချိန်တွင် အသက် ၇၉နှစ်ရှိပြီဖြစ်သော ဦးခွန်ထွန်းဦး၏ ဈာပနကို မေလ ၂ရက် ညနေ ၄နာရီတွင် ရန်ကုန်မြို့ ရေဝေးသုဿန်သို့ ပို့ဆောင်ကာ မီးရှို့ သင်္ဂြိုလ်မည်ဖြစ်ပြီး ကြွင်းကျန်ရစ်သည့် အရိုးပြာများကို ရှမ်းပြည်နယ် သီပေါမြို့ လွယ်ခုပ်တောင်ရှိ သီပေါတော်ဝင်မိသားစုသင်္ချိုင်းတွင် ဂူသွင်း ထားရှိမည်ဟု ဖော်ပြထားသည်။
ဦးခွန်ထွန်းဦးသည် ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးနှင့် အမျိုးသားတန်းတူရေးအတွက် မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်ခဲ့သည့် ခေါင်း ဆောင်တစ်ဦးဖြစ်ပြီး ၎င်းအား ဆုံးရှုံးရသည်မှာ SNLD အတွက်သာ မကဘဲ ဖက်ဒရယ်လိုလားသူ ပြည်ထောင်စုသားများအားလုံးအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း SNLDက ဆိုသည်။

Public Service Announcement
ဥက္ကဋ္ဌ ခွန်ထွန်းဦး၏ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် မရောက်ရှိမီ ကွယ်လွန်သွားသော်လည်း SNLD အနေဖြင့် ဦးခွန်ထွန်းဦး ချမှတ်ခဲ့သည့် နိုင်ငံရေးလမ်းစဉ်အတိုင်း ရည်ရွယ်ရာ ပန်းတိုင်သို့ ရောက်ရှိသည် အထိ ကြိုးပမ်းချီတက်မည်ဟု အဓိဌာန်ပြုကြောင်း SNLDက ထုတ်ပြန် သည်။
ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ၁၉၈၈ ခုနှစ် SNLD စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့ပြီး ပထမဆုံး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၈၉ မှ စတင်ကာ SNLD ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ စတင်ကာ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၀၂တွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) သဘာပတိ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU)၏ အလှည့်ကျသဘာပတိအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။
ထို့ပြင် ဦးခွန်ထွန်းဦးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)၌ SNLD ကိုယ်စားပြုယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ် သည်။ ဦးခွန်ထွန်းဦးသည် ညောင်နှစ်ပင် အမျိုးသားညီလာခံ တက်ရောက်ရန် ငြင်းဆန်ခဲ့သောကြောင့် ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး နိုင်ငံတော် ပုန်ကန်မှု အစရှိသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံရပြီး ၂၀၁၂ ဇန်နဝါရီတွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။ ဦးခွန်ထွန်းဦးသည် SNLD ဥက္ကဋ္ဌ အဖြစ် ၃၂ နှစ်တိုင်တာဝန်ယူခဲ့ပြီး လူငယ်များကို နေရာပေးလို၍ဟုဆိုကာ ပြီးခဲ့သည့် နှစ်တွင် ဥက္ကဋ္ဌ တာဝန်မှ အနားယူခဲ့သည်။
