Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီပြည်သို့ဝင်လာမည့် စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်မှုများသည် ပအိုဝ်းလူမျိုးရေး နှင့်နယ်မြေ ဆိုင်ရာ ကျူးကျော်လိုသည့် တိုက်ပွဲများ မဟုတ်ဟု KSCC အသိပေး

ပြည်သူလူထုများအချင်းချင်းကြားတွင် မည်သည့် ပြဿနာမှမရှိကြောင်း၊ ကရင်နီဒေသမှ ပြည်သူ သောင်းနှင့်ချီပြီး စစ်ရှောင်လာသည်ကို ပအိုဝ်းဒေသရှိ ပြည်သူများက နေရာနှင့် စားနပ်ရိက္ခာ ကူညီပံ့ပိုးမှုရှိခဲ့သည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် ပူးတွဲလှုပ်ရှားခြင်းမပြုရန်၊ စစ်ကောင်စီတပ်တည်ရှိရာကို ရှောင်ရှားရန် တိုက်တွန်းပန်ကြား

လက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားသည့် တိုက်ပွဲများသည် ကရင်နီပြည်ရှိ အင်အားစုများမှ ပအိုဝ်းပြည်သူလူထုများအား ထိခိုက်နစ်နာစလိုသည့် ဆန္ဒလုံး၀ မရှိကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကာင်စီ(KSCC)က ယနေ့တွင် အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ညောင်ရွေမြို့နယ် ၊ထီရိရွာ ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် အချို့ ဖမ်းဆီးရမိခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် KSCCက ပအိုဝ်း ပြည်သူလူထုများ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ(PNLO) တို့အား အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိ အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား တော်လှန်မှုသည်နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ ရွေးချယ်မှုဖြစ်ပြီး ကရင်နီပြည်ရှိ အင်အားစုများ၏ ရွေးချယ်မှု လည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်နီပြည် နယ်စပ်များတွင် ဖြစ်စေ အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကရင်နီပြည်အတွင်းသို့ ဝင်ရောက်လာသည့် လမ်းကြောင်းများတွင်ဖြစ်စေ၊ ထိပ်တိုက် တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားနိုင်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယခု နှင့်နောင်များတွင် ဖြစ့်ပွားမည့် စစ်ပွဲများသည် ပအိုဝ်းလူမျိုးရေးနှင့် ပအိုဝ်းနယ်မြေရေးဆိုင်ရာများကို ကျူးကျော်လိုသည့် တိုက်ပွဲများ လုံး၀(လုံး၀)မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီ၏ မတရားမှုများကို တွန်းလှန်နေသော ကြားဖြတ်တိုက်ခိုက်သော စစ်ရေးလှုပ်ရှားမှုများသာ ဖြစ်ကြောင်း KSCC၏ အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် လမ်း၊ တံတား၊ အပြစ်မဲ့ပြည်သူများနှင့် အိုးအိမ်များ ထိခိုက်ပျက်စီး နိုင်သဖြင့် ပအိုဝ်းတိုင်းရင်းသားအပါအဝင် ပြည်သူများအားလုံးအတွက် လွန်စွာ စိုးရိမ်မိသည်ဟု KSCCက ​ဖော်ပြသည်။ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုနှင့် အိုးအိမ်များ မီးရှို့မှုများသည် အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လုပ်ရပ်ပေါ်လစီများဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ပအိုဝ်းအမျိုးသားများ အသင်းအဖွဲ့များနှင့် ပြည်သူလူထုများအားလုံး အနေဖြင့် သတိရှိကြရန်၊ အကြမ်းဖက်စစ်ကောင်စီတပ်များ တည်ရှိရာနေရာများနှင့် တက်နိုင်သမျှ ရှောင်ရှားနထိုင်ကြရန် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူးတွဲလှုပ်ရှားခြင်းမပြုလုပ်ရန် KSCCက တိုက်တွန်းသည်။

ထို့ပြင်အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကရင်နီပြည်တွင်းသို့ အင်အားတိုးချဲ့ချဲ့မှုများအား ဟန့်တားရန် သို့မဟုတ် ရှောင်ရှားရန်လည်း တိုက်တွန်းထားသည်။

ပအိုဝ်း လူမျိုးစု အများစုနေထိုင်ရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတွင် တည်ငြိမ်အေးချမ်းလိုသည့် ဆန္ဒကိုလည်း နားလည်ကြောင်း၊ ကရင်နီပြည်သူလူထုဖြစ်စေ၊ တပ်ဖွဲ့များဖြစ်စေ၊ KSCC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်စေ၊ ပအိုဝ်းလူမျိုးနှင့် ပအိုဝ်းဒေသ၏ အုပ်ချုပ်ပိုင်ခွင့်ကို လေးစား အသိအမှတ်ပြုကြောင်း KSCCက ဆိုသည်။

ကရင်နီပြည်ရှိ လူမျိုးပါင်းစုံနှင့် ပအိုဝ်းလူထု နှင့် ဒေသခံ အသီးသီးတို့အကြား ချစ်ခင်စည်းလုံးကြပြီး အပြန်အလှန် လေးစားရိုင်းပင်းကူညီမှုများ ဖြင့် အနာဂတ်တွင် တန်းတူနိုင်ငံရေး အခွင့်အရေး ရရှိစေရန် မျှော်ကိုးလျက် ယခု အိတ်ဖွင့်ပေးစာအား ပေးပို့ခြင်းဖြစ်သည်ဟုလည်းဖော်ပြထား
သည်။

ကရင်နီလူမျိုးပေါင်းစုံ၏ စစ်ဘေးဒုက္ခများကို ပအိုဝ်းပြည်သူလူထုနှင့် သက်ဆိုင်ရာတို့သည် နည်းလမ်းပေါင်းစုံမှ ကူညီစောင့်ရှောက်ထားနေသည့် အခြေအနေများများကို အသိအမှတ်ပြုကျေးဇူးတင်သည်ဟုလည်း KSCC ကဆိုသည်။ ကရင်နီပြည်သူလူထုနှင့် ပအိုဝ်း ပြည်သူလူထုတို့ တိုင်းရင်းသားညီအကိုများဖြစ်ရာယခုနှင့် နောင်ကာလများတွင် အချင်းချင်း ရိုင်းပင်းကူညီ ဖေးမကြရအုံးမည်ဖြစ်ကြောင်းလည်းပါရှိသည်။

ယခု KSCC၏ ကြေညာချက်သည် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ထီရိရွာ တိုက်ပွဲ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ၌ PNO တပ်ဖွဲ့ဝင်များ ပါ ထိခိုက်သေဆုံးခဲ့သည့်ဖြစ်စဉ်အပေါ် နိုင်ငံရေးအရ ဖြေလျှော့သည်ဟု နားလည်ကြောင်း PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“ စာကတော့ နိုင်ငံရေးသဘောတရားပါပါတယ်။ ဘာကိုရည်ညွှန်းလဲဆိုတော့ တင်းမာမှု ဖြစ်လာမှာကို စိုးရိမ်ပြီးတော့ ဖြေလျှော့တဲ့ဟာကိုတွေ့ရတယ်။ အဖွဲ့အစည်းတွေကို တည်ပြီးတော့ ပအိုဝ်းတစ်မျိုးသားလုံးကို ညွှန်းဆိုတဲ့သဘောတော့ပါတာပေါ့။ သူတို့ပေးတာက အားလုံးကို ပြုံပြီးပေးလိုက်တာ ပအိုဝ်းအမျိုးသား ပြည်သူလူထုအပေါင်းလည်းပါတယ် နောက်ပြီး PNOလည်းပါတယ် PNLOလည်းပါတယ်။ ဒါပေမဲ့ သဘောသဘာ၀ မတူဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
PNLO အနေဖြင့် အပစ်အခတ်ရပ်ထားခြင်းသာရှိပြီး မည်သည့်အဖွဲ့အစည်း၏ ဩဇာခံမှ မလုပ်ကြောင်း ၎င်းက ဆိုသည်။

“ PNO/PNA ရဲ့ရပ်တည်ချက်ကတော့ နိုင်ငံရေးပါတီ ဖွဲ့ပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ စစ်ကောင်စီရဲ့ စရိတ်စက ထောက်ပံ့တာကို ရယူပြီးတော့ စစ်ရေးပူးပေါင်းဆောင်ရွက်တာတွေလုပ်လာတော့ နည်းနည်းတော့ မတူဘူးပေါ့ဗျာ” ဟုဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ပြည်သူလူထုများအချင်းချင်းကြားတွင် မည်သည့် ပြဿနာမှမရှိကြောင်း၊ ကရင်နီဒေသမှ ပြည်သူ သောင်းနှင့်ချီပြီး စစ်ရှောင်လာသည်ကို ပအိုဝ်းဒေသရှိ ပြည်သူများက နေရာနှင့် စားနပ်ရိက္ခာ ကူညီပံ့ပိုးမှုရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။