စစ်အုပ်ချုပ်ရေးယန္တရား အသက်သွင်းရန် ကြိုးပမ်းမှုတွင်ပါဝင်နေသည့် Non-CDMers များကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေး
ချင်းပြည်ထောင်တစ်ဝှမ်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိစေရေးအတွက် တားဆီးတွန်းလှန်ကြရန် ချင်းလက်နက်ကိုင်တပ်ဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)က ယနေ့ထုတ်ပြန် တိုက်တွန်းလိုက်သည်။
ထို့ပြင် ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များကဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန်လည်း CJDCက တိုက်တွန်းထားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန် ကြိုး ပမ်းမှုတွင် ပါဝင်ဆောင်ရွက်သည့် Non-CDMers များကို CJDC အနေဖြင့် ပြင်းထန်စွာ အရေးယူဆောင် ရွက်သွားမည်ဟုလည်း သတိပေးခဲ့သည်။
နိုင်ငံတော်အာဏာသိမ်းယူရန်ကြိုးပမ်းနေသည့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ဇွန်လအတွင်း တစ်နိုင်လုံးအတိုင်းအတာဖြင့် ကျောင်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေသည့်အပေါ် CJDCက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောင်းဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်မှုသည် စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်သည်ဟု နိုင်ငံတကာအားပြသရန်နှင့် တရားဝင်မှုရရှိနိုင်ရန် ကြိုးစားမှုသာဖြစ်ကြောင်း ဖော်ပြထားသည်။
CJDCတွင် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ၊ ဒေသအသီးသီးရှိ ချင်းကာကွယ်ရေးတပ်(CDF) များအပါအဝင် ချင်းပြည်ရှိ လက်နက်ကိုင်တပ်ဖွဲ့ ၁၈ဖွဲ့စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။
