ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ နေအိမ် ၆၁လုံး မီးလောင်ပြာကျခဲ့ပြီး ရွာသားသုံးဦးကိုလည်း သတ်ဖြတ်သွားကြောင်း KNUက သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၅ရက်က စစ်ကောင်စီတပ်က ထုံးဘိုလေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှို့ခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။


မီးလောင်ထားသည့် နေအိမ်ပြာများထဲမှ ရွာသားသုံးဦး၏ အရိုးအစအနများတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရခြင်း (သို့မဟုတ်) သတ်ပြီးမှ မီးရှို့ထားခြင်းလည်းဖြစ်နိုင်ကြောင်း KNU သထုံမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားကြောင်း ဖော်ပြထားသည်။

အသတ်ဖြတ်ခံရသူများထဲတွင် ခြေထောက်တစ်ဖက်မရှိသည့် မသန်စွမ်းတစ်ဦးပါဝင်သည်ဟု အသိပေးထား သည်။ ၎င်းတို့ ပျောက်ဆုံးနေသည်မှာ စစ်ကောင်စီတပ် ရွာကို မီးဝင်ရှို့သည့် ဇွန်လ ၂၅ရက်ကတည်းက ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

ထုံးဘိုလေးကျေးရွာအားမီးရှို့ဖျတ်ဆီးခြင်း၊ ဒေသခံပြည်သူများကိုသတ်ဖြတ်ခြင်း စသည့် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်မှာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ (၄၄)နှင့် တပ်မ (၂၂) လက်အောက်ခံတပ်များ၊ စစ်ကောင်စီ လက်ပါးစေ နယ်ခြားစောင့်တပ် (BGF)နှင့် အခြားသော တပ်ရင်းလက်အောက်ခံများ ဖြစ်ကြောင်း ထုတ်ပြန်သည်။
