သေဒဏ်စီရင်ခံခဲ့ရသည့် ကိုဂျင်မီတို့လေးဦးအတွက် လက်တုန့်ပြန်သည့်အနေဖြင့် စစ်ကိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးအား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PDRF (SGG-UG)က သတင်းထုတ်ပြန်သည်။
ယနေ့ (သြဂုတ်၁ရက်) မွန်းလွဲ ၂နာရီ၁၅မိနစ်ခန့်က စစ်ကိုင်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရုံးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထွေအုပ်ရုံးဝင်း ဂိုထောင်၌ ရပ်ထားသော ကား ၂ စီး မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သားလေးဦးခန့်သေဆုံးသည်ဟု PDRF (SGG-UG)အဖွဲ့က ဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။
သေဒဏ်စီရင်ခံခဲ့ရသော သူရဲကောင်းများဖြစ်သည့် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့လေးဦးအတွက် ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအား People’s Dictatorship Revolutionary Force-PDRFအဖွဲ့ နှင့်အတူ မဟာမိတ် Doung Ni Defence Force (DNDF-Wetlet)အဖွဲ့တို့ ပူးပေါင်းတိုက်ခဲ့သည်ဟု PDRF (SGG-UG) အဖွဲ့က ထုတ်ပြန်ထားသည်။
ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ နောက်နောက် ကိုဓဥပဒေဖြင့် ပိုမိုပြင်းထန်သောစစ်ဆင်ရေးများကို ပြုလုပ်မည်ဖြစ်ကြောင်း PDRF (SGG-UG)က သတိပေးသည်။
စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။
