စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း လယ်ဓမ္မအပါအဝင် ကျေးရွာသုံးရွာသို့ စစ်ကောင်စီက လေကြောင်းမှ အင်အားအမြောက်အများချသွားပြီး ဒေသခံများအား ရိုက်နှက်စစ်ဆေးနေသည်ဟု သတင်းရရှိသည်။
ပုံတောင်အနီးတွင် တည်ရှိပြီး ပုလဲ-ဂန့်ဂေါလမ်းဘေးရှိ လယ်ဓမ္မရွာ၊ပေပင်ရွာ ၊ထန်းကင်းကြီးကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့(သြဂုတ်လ ၂၁ရက်)ရောက်ရှိလာကာ ဒေသခံများအား ရိုက်နှက်စစ်ဆေးနေကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မနေ့က Mi 17 သုံးစီးနဲ့ လူလာချသွားတယ်။ အင်အားတော်တော်များတယ်။ ဒီနေ့တော့ ရွာသားအချို့ကို ရိုက်နှက် နှိပ်စက်ပြီး စစ်နေတယ်။ ဒေသခံတွေ တိမ်းရှောင်ဖို့ လိုနေတယ်”ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၆) အရာရှိ ကိုမောင်က ပြောသည်။
အထက်ပါ ကျေးရွာသုံးရွာကို စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်နေသည်ဟု ကိုမောင်က ပြောသည်။ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
