စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများအား ကျွန်းပေါ်ရှိစစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့(စက်တင်ဘာ ၁၃ ရက်) နံနက် ၅ နာရီခန့်မှစတင်ကာ ဧရာဝတီမြစ်အတွင်းရှိ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အေးကျွန်းရွာမှ စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများဖြစ်သော စဉ့်ကိုင်ကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
” နံနက် ၅ နာရီလောက်က စတင်ပစ်ခတ်ပြီး ၂ နာရီခန့်ကြာ ရပ်နားသွားပြီးနောက် ထပ်မံကာ နံနက် ၈ နာရီအချိန်ကနေ ဆက်တိုက်ပစ်ခတ်နေတာ အချက်ရေ ၃၀ခန့်ရှိပြီလို့ သိရှိရပါတယ်။အေးကျွန်းဘက် သံခွံမော်တော်အနီပေါ်မှ တမိုင်ခန့်အကွာရှိနိုင်သည့် စစ်ကိုင်းဘက်ခြမ်းကရွာကိုပစ်ခတ်နေခြင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
စဉ့်ကိုင်ရွာ၊ အုတ်ဖိုရွာနှင့် မြစ်ဘေးနေ ရွာသူရွာသားများ နီးစပ်ရာရွာများသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ် စဉ့်ကိုင် (တောင်)ရွာရှိ ဆရာတော်တစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ပြီး ဒေသခံရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာ၉ ရက်နှင့် ၁၂ ရက်များက မတ္တရာမြို့နယ် ရှင်လှ၊အေးကျွန်း၊ရေလယ်ကျွန်းရွာများရှိ စစ်ကောင်စီတပ်များနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့က PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။


















































