▪︎ကုလအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်
မနေ့က စတင်တဲ့ ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောပါတယ်။ အဲဒီပထမအကြိမ် မျက်နှာစုံညီ ညီလာခံမှာ အခုနှစ် (၂၀၂၂-၂၃)တစ်နှစ်တာ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ခွင့်ရရှိရေအဆုံးအဖြတ်ပြုမယ့် Credentials Committee အဖွဲ့၀င်နိုင်ငံစာရင်းကို ကြေညာခဲ့ပါတယ်။အခုနှစ်Credentials Committee အဖွဲ့ဝင်နိုင်ငံတွေကတော့ တရုတ်၊ အမေရိကန်၊ ရုရှား၊ အန်ဂိုလာ၊ သြစတြီးယား၊ ရ၀မ်နာ၊ ဥရုဂွေး၊ မော်လ်ဒိုက်ဗ်၊ ဇမ်ဘီယာ တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအတွက် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဆက်လက်ရရှိကာ အဆင်ပြေလိမ့်မယ်လို့ NUG ဝန်ကြီးကပြောပါတယ်။

▪︎NUG ပြောခွင့်ရပုဂ္ဂိုလ် အတိတ်က ရပ်တည်ချက်မှားယွင်းခဲ့တဲ့အပေါ် ရိုဟင်ဂျာတွေကို ဝန်ချတောင်းပန်
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဟာ ၂၀၁၇ က ရိုဟင်ဂျာတွေအပေါ် ပြောဆိုဖူးတဲ့ စကားတွေအတွက် ဝန်ချတောင်းပန်တယ်လို့ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ဦးကျော်ဇောက သူ့စကားတွေအတွက် ထိခိုက်နာကျင်ခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး အားလုံးအပေါ် အနူးအညွတ် တောင်းပန်လိုကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ၂၀၁၇ အောက်တိုဘာ ၂ ရက်က သူဟာ ကနေဒါ လွှတ်တော်ရဲ့ လူ့အခွင့်အရေး ကော်မတီကြားနာမှုမှာ သက်သေတစ်ဦးအနေနဲ့ ပါဝင်ထွက်ဆိုခဲ့ရာမှာ သူယုံကြည် လက်ခံခဲ့မိတဲ့ သတင်းအချက်အလက်အပေါ် မူတည်ပြီး ရွေးချယ်ရပ်တည်မှု မှားယွင်းခဲ့တယ်လို့ ဝန်ခံပါတယ်။ အခုအချိန်မှာတော့ ဦးကျော်ဇောအနေနဲ့ အတိတ်ကလို ယုံကြည်ထားတာမျိုး မဟုတ်တော့ဘဲ အဲဒီတုန်းက ပြောဆိုမိတာတွေအတွက် အလေးအနက် နောင်တရနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

▪︎ပြည်နယ်နဲ့ တိုင်း (၁၃)ခုရှိ စာသင်ကျောင်းများကို စစ်အုပ်စု တိုက်ခိုက်မှုအကြိမ် ၁၉၀ ကျော် ပြုလုပ်ခဲ့ဟု NUG ထုတ်ပြန်
စစ်အုပ်စုနဲ့ သူရဲ့လက်နက်ကိုင်တွေဟာ ပြည်နယ်နဲ့ တိုင်း (၁၃)ခုမှ စာသင်ကျောင်းများကို တိုက်ခိုက်မှုအကြိမ်ရေ ၁၉၀ကျော် ပြုလုပ်ခဲ့တယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။Global Coalition to Protect Education from Attack (GCPEA)က ပြုစုတဲ့ “မြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ” အစီရင်ခံစာကို Save The Children က စက်တင်ဘာ ၉ ရက်မှာ ဖော်ပြခဲ့ခြင်းကိုကိုးကားပြီး NUG ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေကို စစ်ရေးအတွက်အသုံးချခြင်းမှ ရှောင်ကြဉ်ကြဖို့ အစီရင်ခံစာမှာ တိုက်တွန်းပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူများရဲ့ ပညာရေးဆိုင် ရာ အခွင့်အရေး (Right to Education)ကို ဖြည့်ဆည်းပေးဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီး ကြားကာလပညာရေးအစီအမံများ၊ စစ်သည်တော်ကျင့်ဝတ်များကို တင်းကျပ်စွာ လေးစားလိုက်နာကြဖို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရှိနိုင်တယ်လို့ ဆိုပါတယ်။
▪︎ကမာကြည်တံတားပေါ်ကနေအမျိုးသားတစ်ဦးခုန်ချ
ဒီနေ့မနက်ပိုင်း ၁၀ နာရီခန့်က ရန်ကုန်တိုင်း ၊သာကေတမြို့နယ် ၊ကမာကြည်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချသွားတယ်လို့ သိရပါတယ်။ ခုန်ချသွားတဲ့နေရာမှာ စက်ဘီးရပ်ထားတာကိုတွေ့ရသလို ဖိနပ်တရံ၊ ဦးထုပ်၊ စီးကရက်ဗူးနဲ့ မီးခြစ်ကိုလည်းတွေ့ရပါတယ်။ မွန်းလွဲပိုင်းအထိ တံတားပေါ်က ခုန်ချသွားသူကိုမတွေ့ရသေးဘူးလို့ သာကေတမြို့နယ်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။
▪︎ပန်းပင်ကြီးလမ်း ပစ်ခတ်ဖမ်းဆီးခံရမှုမှာ အလုပ်သမားအဖွဲ့ချုပ်ဝင် ငါးဦးပါဝင်
မနေ့က ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)အဖွဲ့ဝင် ငါးဦးပါဝင်ခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ CTUM အနေနဲ့ အခုလိုအကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခံရသူ ၁၅ဦးအနက် အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- BWFM မှ ဦးနေမင်းထွန်း၊ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-IWFM မှ ဒေါ်ဇူးဇူးရာခိုင်နဲ့ဒေါ်ယမင်းကေသွယ်ခိုင်၊ ဦးသန်းဇော် (ယာဉ်မောင်း)တို့ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUG ကို အသိအမှတ်ပြုလက်ခံဖို့ ငြိမ်းချမ်းစွာ ဆန္ဒမပြခင်လေးမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
▪︎မုံရွာဒုစရိုက်ဂိုဏ်းကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖော်ထုတ်အရေးယူ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်အာဏာသိမ်းကာလတစ်နှစ်ခွဲအတွင်း မုဒိန်းမှု ၂၄ မှု(အဲဒီအမှုတွေထဲမှာ မုဒိန်းကျင့်လူသတ်မှု ၁၃မှု)၊လူသတ်မှု ၃၄ ၊ နေအိမ်ဝင်စီးမှု ၁၁ မှုစတဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့တဲ့ ဒုစရိုက်ဂိုဏ်းကို ဖော်ထုတ်အရေးယူလိုက်တယ်လို့ မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ခေတ် ကာလအခြေအနေပေါ် အခွင့်ကောင်းယူပြီး မုံရွာမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်နှင့် မုဒိန်းမှုများ ဂိုဏ်းဖွဲ့ကျူးလွန်နေသူတွေကို မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )နဲ့ အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးဖေါ်ထုတ်အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒုစရိုက်ဂိုဏ်း အဖွဲ့ဝင် ငြိမ်းချမ်းဦး(ခ)ဂျပန်ကြီးကို စစ်ဆေးမေးမြန်းခဲ့ရာ သူတို့အဖွဲ့ကျူးလွန်တဲ့ အမှုတွေကို ၀န်ခံခဲ့တာဖြစ်ပါတယ်။ အဓမ္မမှုတွေထဲမှာ အသက်အငယ်ဆုံး မုဒိန်းကျင့်ခံရသူမှာ အသက် ၁၄ နှစ် နဲ့ အကြီးဆုံးမှာ ၃၈နှစ်တို့ဖြစ်တယ်လို့ ပါဝင်ကျူးလွန်သူ ဂျပန်ကြီးရဲ့ ဝန်ခံထွက်ဆိုချက်ကို ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။

▪︎ဖားကန့်မှာ KIA၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးအသုံးပြုပစ်ခတ်ခဲ့ပြီး သူတို့ ပစ်ခတ်တဲ့လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး အခြားဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

▪︎စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မကွေးနဲ့ မန္တလေး တိုင်းနှစ်တိုင်းမှ PDF များ ပူးပေါင်းတိုက်ခိုက်
မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မန္တလေးတိုင်းနဲ့ မကွေးတိုင်း PDF တွေ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ MG 6 ပြောက်ကျားတပ် (မြင်းခြံ)က ထုတ်ပြန်ပါတယ်။ မနေ့က အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဟာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ညောင်ပင်ရွာမှဝါဘိုးကျေးရွာကို စစ်ကြောင်းထိုးလာခဲ့ပါတယ်။ အဲဒီစစ်ကြောင်းကို ဒေသတွင်းပူးပေါင်းအဖွဲ့တွေက ဝါဘိုးရွာအထွက် ထန်းတောကျေးရွာကြားမှာ မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ခြောက်ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားတယ်လို့ ဆိုပါတယ်။ MG 6 ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးလည်း ဝမ်းဗိုက်ကျည်ဖောက်ထိမှန်ခဲ့ရာ ဆေးကုသမှုအလျင်အမြန်ခံယူခဲ့ရတယ်လို့ MG 6 ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
▪︎မုံရွာမြို့အဝိုင်းပတ်မှာ စစ်ကောင်စီတပ်သား သုံးဦး ပစ်ခတ်ခံရပြီး သေဆုံး
မုံရွာမြို့ စီးပွားရေးကတက္ကသိုလ်အနီးရှိ ဇလုပ်အဝိုင်းပတ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို မနေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးစလုံးသေဆုံးသွားတယ်လို့ Black Dragon Special Task Force အဖွဲ့က ပြောပါတယ်။ မုံရွာစီးပွားရေးတက္ကသိုလ်အနီးရှိ ဇလုပ်အဝိုင်းပတ်အနီး စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို ညီနောင်မဟာမိတ် (၂)ဖွဲ့ က လက်နက်ငယ်တွေနဲ့ ရှောင်တခင်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပုန်း၀ပ်နေတဲ့ သုံးဦးစလုံး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ အနီးရှိ စစ်ကောင်စီတပ်သားတွေ တပ်ကူရောက်လာကာ လက်နက်ငယ်များ၊ (၄၀)မမ ၊(၆၀)မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် လက်နက်ရရှိမယ့် အခွင့်အရေးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
▪︎ရေလယ်သောင်ရွာရှိ စစ်အုပ်စုကို ဒေသတွင်း PDF များ ပေါင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကြားရှိ ရေလယ်သောင်ရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဒေသတွင်း PDFများ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Nway Oo Takhon PDFအဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။
▪︎စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ရှင်းလင်းခဲ့ဟု ကျောက်ထု PDF အသိပေး
မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့ပေါ်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ရှင်းလင်းခဲ့တယ်လို့ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ် (PDF)က အသိပေးပါတယ်။
ဒီနေ့မနက်ပိုင်းက ကျောက်ထုရဲစခန်းမှ ဆိုင်ကယ်တစ်စီးနဲ့ ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်ဘက်ကို ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတို့ကို ခြုံခိုစောင့်ကြိုကာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နေရာမှာပင် သေဆုံးသွားခဲ့ပြီး ကျောက်ထု PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့တစ်နေရမှာ “အနာဂတ်တွေလှပဖို့ သမိုင်းသစ်ကိုသွေးဖြင့်ရေးနေသည်” စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း Falcon Revolutionaries Team က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး “Accept NUG and Our Ambassador, Reject Dictator” ၊ “UN, Prove Your Existence for Justice” စာတန်းများကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။



















































