ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ် (၁၆၅)လမ်းရှည်ထောင့်ရှိ တာမွေကြီး(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ (စက်တင်ဘာ ၂၄) နံနက်အစောပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်သည်။
ယနေ့ နံနက် ၄နာရီကျော်အချိန်တွင် တာမွေကြီး (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရုံးအတွင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး မဟာမိတ်အဖွဲ့သားအားလုံး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း FLA အဖွဲ့က ဖော်ပြထားသည်။
” အုပ်ချုပ်ရေးမှူး ရုံးဖွင့်ချိန်ဆိုရင် ဧည့်စာရင်းတိုင်တဲ့ ပြည်သူတွေ ရှိနေတတ်သောကြောင့် ထိခိုက်မှာစိုးလို့ ရုံးပိတ်ချိန်မှ ရှောင်ရှားလုပ်ဆောင်ခဲ့တာပါ “ဟု FLA အဖွဲ့က ဆိုသည်။

ယင်းတိုက်ခိုက်မှုကို နိုင်ငံရေးအကျဉ်းသားများ အားလုံးအတွက် ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) နှင့် Revolution of 21 Century အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မစ်ရှင်ဖြစ်မြောက်ရေးအတွက် UG Supporter Group မှလည်း ပူးပေါင်းအားဖြည့်ပါ၀င်ပေးခဲ့ကြောင်း FLA အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
” မနက်အစောပိုင်းက တာမွေကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်တယ်လို့တော့ ကြားပါတယ်။ လူတော့ ထိခိုက်မှု မရှိပါဘူး။ ခုမနက် ရပ်ကွက်ရုံးမှာတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ စစ်သား ၁၀ ယောက်လောက် ရောက်နေတာ တွေ့ရပါတယ် “ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များနှင့် ၎င်းတို့အနီးပတ်၀န်းသို့ အနီးကပ်သွားလာခြင်းများ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ နှင့် ၎င်းတို့တပ်စွဲအခြေချထားသည့် နေရာများကို အတက်နိုင်ဆုံး ရှောင်ရှားပေးကြပါရန် FLA အဖွဲ့က ထပ်မံမေတ္တာရပ်ခံခဲ့သည်။


















































