Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ယက်ကုန်းကျေးရွာကို စစ်အုပ်စု၏ ဆိုးယုတ်မှုများ ကျူးလွန်ခဲ့ရာနေရာအဖြစ် ကမ္ဘာကြီးက သိရှိစေရန် NUG လုပ်ဆောင်မည်

ဆရာမ ဒေါ်အေးမာဆွေက လက်ယက်ကုန်းကျေးရွာဖြစ်စဥ်အတွက် တရားမျှတမှုနှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး ဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုသည်။

လက်ယက်ကုန်းကျေးရွာကို စစ်အုပ်စု၏ ဆိုးယုတ်မှုများ ကျူးလွန်ခဲ့ရာနေရာအဖြစ် ကမ္ဘာကြီးက သိရှိစေရန် NUG လုပ်ဆောင်မည်
လက်ယက်ကုန်းကျေးရွာကို စစ်အုပ်စု၏ ဆိုးယုတ်မှုများ ကျူးလွန်ခဲ့ရာနေရာအဖြစ် ကမ္ဘာကြီးက သိရှိစေရန် NUG လုပ်ဆောင်မည်

▪︎ကလေးငယ်များ၊ သားသမီးဆုံးရှုံးခဲ့သော မိဘများအတွက် ဘဝတစ်ဆက်လုံး စောင့်ရှောက်ပေးရန် စဥ်းစားနေ

▪︎ကမ္ဘာက မြန်မာနိုင်ငံကို မေ့မထားကြရန်၊ တရားမျှတမှု မြန်မြန်ရအောင် ဆောင်ရွက်ပေးရန် ဒေသခံတောင်းဆို

ကျောင်းသားကလေးငယ်များ ငြိမ်းချမ်းစွာ ပညာသင်ယူနေသည့် စာသင်ကျောင်းကို ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ကာ ကလေးများကို သတ်ဖြတ်ခဲ့သည့်နေရာအဖြစ် လက်ယက်ကုန်း ကျေးရွာကို ကမ္ဘာတည်သရွေ့ တည်ရှိအောင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယမန်နေ့တွင် ပြောသည်။

ကလေးငယ်များအပါအဝင် လူပေါင်း ဒါဇင်နှင့်ချီကာ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်အုပ်စု၏ ဆိုးယုတ်မှုများ ကျူးလွန်ခဲ့ရာနေရာအဖြစ် ကမ္ဘာကြီးက သိရှိစေရန်နှင့် ကလေးငယ်များ၊ သားသမီးဆုံးရှုံးခဲ့သော မိဘများအတွက် ဘဝတစ်ဆက်လုံး စောင့်ရှောက်ပေးရန် NUG က စဥ်းစားနေ ကြောင့် ပညာရေး၀န်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

“လက်ယက်ကုန်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ အထူးအစည်းအဝေးပွဲမှာ ကျွန်တော်တို့တတွေ ဆွေးနွေးခဲ့တာတွေ အများကြီးရှိတယ်။ ဒီလိုဖြစ်ခဲ့တဲ့ ကလေးတွေကို ပညာရေး၊ နောင်ကျရင် ဘယ်လို့ စောင့်ရှောက်ပေးမယ်။ ကလေးတွေဆိုးရှုံးခဲ့ရတဲ့ မိဘတွေအတွက် ဘယ်လိုစောင့်ရှောက်ပေးမယ်။ ဒီရွာကို ဘယ်လိုမျိုးနဲ့ မှတ်တိုင်တွေ ပြုမယ်ဆိုတာတွေအထိ ကျွန်တော်တို့ ဆွေးနွေးထားတာတွေ ရှိတယ်။ ဒီကိစ္စတွေ အသေးစိတ် ဒီမှာ ပြောဖို့မလိုဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့က ဒါဟာ ကမ္ဘာပေါ်မှာ မှတ်မှတ်သားသားဖြစ်စေတဲ့ ၊ ဒီလိုမျိုးကျောင်းကို ဟယ်လီကော်ပတာနဲ့ပစ်ပြီး ကလေးတွေကို သတ်ခဲ့တဲ့ နေရာလို့ ကမ္ဘာတည်သရွေ့တည်အောင်လုပ်ဖို့ အစီအစဥ်လည်းရှိပါတယ်။ ဒီကလေးတွေအတွက်၊ ဒီမိဘတွေအတွက် ဘဝတစ်ဆက်လုံးကို စောင့်ရှောက်ပေးဖို့လည်း NUG က စဥ်းစားနေတယ်ဆိုတာ ဒီနေရာမှာလည်း အသိပေးတယ်။ ကမ္ဘာကိုလည်း အသိပေးတယ်” ဟု NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်တွင် အကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့သော ဒီပဲယင်းရက်စက်ကြမ်းကြုတ်မှုနှင့် ပတ်သက်၍ NUG အစိုးရတာ၀န်ရှိသူများနှင့် မျက်မြင်သက်သေ ဆရာမ တို့က ယမန်နေ့(စက်တင်ဘာ ၂၆ရက်)တွင် ဖြစ်စဥ်အသေးစိတ်ကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ယက်ကုန်းရွာရှိ ဘုန်းကြီးကျောင်းနှင့်တွဲလျက်ရှိသော စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ MI-35 ရဟတ်ယာဥ်တစ်စီးက ဝေဟင်မှ၊ ခြေလျင်တပ်ရင်း ၃၆၈ က မြေပြင်မှ တစ်နာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေဆရာမ ဒေါ်အေးမာဆွေက ပြောသည်။

အဆိုပါဖြစ်စဥ်တွင် ကလေးငယ် ၇ ဦးနှင့် လူကြီး ၆ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး ကျောင်း၀န်းအတွင်းရှိ ကျောင်းသားကလေးငယ်များအပါအ၀င် ဆရာ၊ ဆရာမ၊ ရပ်မိရပ်ဖ ၂၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်အထိ မျက်လုံးဒဏ်ရာရရှိသည့် အသက် ၇ နှစ်အရွယ် မောင်ဘုန်းပြည့်စုံကျော်ကိုပြန်လွှတ်ပေးသည်မှလွဲ၍ ကျန်ဖမ်းဆီးခံရသူအားလုံးကို မည်သည့်နေရာတွင် ထိန်းသိမ်းခံရသည်မသိဘဲ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း NUG နှင့် မျက်မြင်သက်သေတို့က ပြောသည်။

ယင်းသို့ ကျောင်းသားကလေးငယ်များအပါအဝင် ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်း၊ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းတို့ကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်အုပ်စုက လက်ယက်ကုန်း ကျေးရွာ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ ရှိသည်ဟု စွပ်စွဲခဲ့သော်လည်း ဖြစ်စဥ်၌ရှိနေခဲ့ပြီး ကျောင်းဆရာဖြစ်သူ ဒေါ်အေးမာဆွေက ၎င်းတို့စာသင်ကျောင်း၌ မည်သည့် PDF ၊ KIA မျှ မရှိနေကြောင်း အခိုင်အမာဆိုသည်။

NUG ကလည်း နိုင်ငံတဝန်းလွတ်လပ်စွာပညာသင်ကြားခွင့်အတွက် မည်သည့်ကျောင်းတွင်မဆို မည်သည့်တပ်စွဲခွင့်ကိုမျှ လက်မခံကြောင်း တရားဝင်ထုတ်ပြန်ထားကာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအတွက် စစ်သည်တော်ကျင့်ဝတ်(CoC)တွင်လည်း အဆိုပါအချက်ကို တင်းကြပ်စွာချမှတ်ပြဌာန်းထားကြောင်း ရှင်းလင်းသည်။

ဆရာမ ဒေါ်အေးမာဆွေက လက်ယက်ကုန်းကျေးရွာဖြစ်စဥ်အတွက် တရားမျှတမှုနှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး ဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုသည်။

“ကမ္ဘာကြီးက ကျွန်မတို့ မြန်မာနိုင်ငံကို မေ့မထားကြပါနဲ့လို့ ကျွန်မပြောချင်တယ်။ တရားမျှတမှု မြန်မြန်ရအောင် ဆောင်ရွက်ပေးကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံတကာအနေဖြင့် NUG အစိုးရကို အမြန်ဆုံးအသိအမှတ်ပြုရန်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်များကို ဖမ်းဆီးကာ တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးရောက်ရှိရေး ပို့ ဆောင်ပေးရန် ဆရာမ ဒေါ်အေးမာဆွေက တောင်းဆိုသည်။

“ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့ စကားဟာ မင်းအောင်လှိုင်တို့အတွက် မဟုတ်ဘူးလားလို့ ကျွန်မ နိုင်ငံတကာကို မေးချင်တယ်။ နိုင်ငံတကာက ဒီမင်းအောင်လှိုင်တို့က သူတို့က ရာဇ၀တ်မှုဘယ်လောက်ပဲကျူးလွန် ကျူးလွန် လွတ်နေတာဆိုတော့ကျ သူတို့ကိုယ်သူတို့ ရာဇ၀တ်ကျူးလွန်နေတယ်လို့ ထင်မှာမဟုတ်ဘူး အဲ့ဟာတွေက။ အဲဒါကြောင့် ရာဇ၀တ်ဘေး ပြေးမလွတ်ဆိုတဲ့ စကားပုံ သူတို့အတွက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း နိုင်ငံတကာက ပြပေးကြပါ။ သက်သေပြပေးကြပါ” ဟု ဆက်လက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။