▪︎ကျိုက်ထီးရိုးဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့မှု စစ်ကောင်စီရဲ့လက်ချက်ဟုKNUထုတ်ပြန်၊စစ်ကောင်စီဘက်မှ ၃ ဦးသေ ၁ဦးဒဏ်ရာရ
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်း ကျိုက်ထီးရိုးဘုရားဖူး အမျိုးသမီး ၃ ဦး သေဆုံးခဲ့မှုမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ-ဗဟိုက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီနေ့ဖြစ်စဥ်မှာ ကျိုက်ထီးရိုး တောင်ခြေ တောင်တက်ကားဂိတ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုရားဖူးဧည့်သည် အမျိုးသမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကာ (၁၃)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

မိတ်ဖက် တော်လှန်ရေးအင်အားစုများက ဘုရားဖူးပြည်သူများကို ထိခိုက်မှာစိုးရိမ်လို့ ဘုရားဖူးများအနီးရှိ စစ်ကောင်စီတပ်သားတွေကိုပင် မပစ်ခတ်ခဲ့ဘူးလို့ ဒေသခံ ကင်မွန်းချောင်းရွာသားတစ်ဦးရဲ့ပြောဆိုချက်ကို ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။ အဲဒီနေ့ ထိတွေ့မှုဖြစ်စဥ်မှာ စစ်ကောင်စီတပ်သား (၃)ဦးသေ (၁)ဦးဒဏ်ရာရခဲ့ပြီး မိတ်ဖက်အင်အားစုတွေဘက်မှ (၁)ဦးဒဏ်ရာရခဲ့ကာ မစိုးရိမ်ရဘူးလို့ ထုတ်ပြန်ပါတယ်။စစ်ကောင်စီကတော့ ဘုရားဖူးပြည်သူတွေသေဆုံးဒဏ်ရာရတာဟာPDFတွေကပစ်ခတ်တာကြောင့်လို့စွပ်စွဲထားပြီး စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရတာကိုတော့ မဖော်ပြဘဲ ချန်လှပ်ထားပါတယ်။

▪︎စစ်တပ်အာဏာသိမ်းမှုစကားရပ်ကို PPST မဖော်ပြရဲ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အကော်အထည်မဖော်နိုင်ခြင်းမှာ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေး အခြေအနေ အပြောင်းအလဲကြီးများစွာ ဖြစ်ပေါ် လာခြင်းကြောင့်ဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ဒီနေ့ထုတ်ပြန်ပါတယ်။ PPST ကို စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့ လက်နက်ကိုင်တပ်များမှ ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတာပါ။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်ခဲ့တဲ့ လုပ်ရပ်တွေကို ထုတ်ပြန်ဖော်ပြခြင်းမရှိဘဲ အရပ်သား ပြည်သူများအား အကာအကွယ်ပေးရေးကို အကောင်အထည်ဖော်နေတယ်လို့ PPST က ဖော်ပြပါတယ်။ စစ်တပ်အာဏာသိမ်းတယ် ဆိုတဲ့ စကားရပ်ကိုပင် သုံးနှုံးဖော်ပြခြင်းမရှိဘဲ နိုင်ငံရေး အပြောင်းအလဲဟု ပေါ့တန်စွာ ထုတ်ပြန်ခဲ့ပါတယ်။ PPST ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်၀တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများ အကာအကွယ်ပေးရေး စတဲ့ NCA အခြေခံမူ သုံးချက်ကို ကြိုးပမ်းအကောင်အထည်ဖော်နေတာကို NCA လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ်နေ့မှာ ရှင်းလင်းတင်ပြလိုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
▪︎မြန်မာတွင် ဖြစ်ပွားနေဆဲဆိုးရွားတဲ့ ဖြစ်ရပ်တွေကို ဆက်လက်လျစ်လျူမရှုဖို့ နိုင်ငံတကာကို သံအမတ်ကြီးတိုက်တွန်း
နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ ဆိုးရွားတဲ့ဖြစ်ရပ်တွေကို ဆက်လက်လျစ်လျူမရှုသင့်ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှု မရပ်တန့်မချင်း ဆိုးရွားယုတ်မာတဲ့ ပြစ်မှုကျူးလွန်မှုကို ရပ်တန့်မှာမဟုတ်ဘူးလို့လည်း သံအမတ်ကြီးက မနေ့က ကျင်းပတဲ့ ကုလညီလာခံကိုပြောခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ နိုင်ငံကို ရေရှည်ကောင်းမွန်စွာ အုပ်ချုပ်နိုင်စွမ်းမရှိဘူးလို့ ဖော်ပြထားပါတယ်။ ကျရှုံးနေတဲ့ စစ်တပ်အုပ်ချုပ်မှုကို ခိုင်မာစွာ ဆန့်ကျင်မှုများကြောင့် စစ်တပ်အုပ်ချုပ်ရေး ယန္တရားဟာ နိုင်ငံတစ်ဝှမ်းနေရာဒေသမျိုးစုံမှာ ပြိုကွဲပျက်စီးနေကာ စစ်တပ်ရဲ့ တစ်ခုတည်းသော အာဏာဆုပ်ကိုင်မှုနည်းလမ်းဟာ မြန်မာပြည်သူများအပေါ် ရက်စက်စွာသတ်ဖြတ်မှုနဲ့ ခြိမ်းခြောက်မှုသာ ဖြစ်တယ်လို့ မဟာမင်းကြီးရုံးက အစီရင်ခံထားပါတယ်။

▪︎လွိုင်ကော်အကျဉ်းထောင်မှာ ဆေးကုသခွင့်မရလို့မတရားဖမ်းဆီးခံ လူငယ်တစ်ဦးသေဆုံး
လွိုင်ကော်အကျဉ်းထောင်မှာ ဆေးကုသခွင့် ကောင်းမွန်စွာမရရှိခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသား လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ နဲ့ ထောင်ဒဏ်(၅)နှစ် ချမှတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ငယ်ဟာ မနေ့က လွိုင်ကော်အကျဥ်းထောင်မှာသေဆုံးခဲ့တာဖြစ်ပြီး အလောင်းပြန်မရဘဲ သေဆုံးတယ်ဆိုတာပဲ သိရှိရတယ်လို့ PKPF က ဆိုပါတယ်။ မောင်ငယ်ကို PDF နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး လွိုင်ကော်စစ်ဆေးရေးဂိတ်မှာ မနှစ်က အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ ကရင်နီပြည်မှာ ရဲအချုပ်၊စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီခံရပြီး သေဆုံးသူ(၇)ဦးအထိရှိလာတယ်လို့ PKPF က ဖော်ပြပါတယ်။

▪︎အေးလွန်းတဲ့ ဆောင်းတွင်းကာလအတွက် အနွေးထည်နဲ့ စားနပ်ရိက္ခာများ ကူညီပေးဖို့ မင်းတပ် CDF မေတ္တာရပ်ခံ
ချင်းပြည်နယ်ရဲ့ အရိုးခိုက်အောင် အေးတဲ့ ဆောင်းတွင်းကာလကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်လို့ မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ရဲဘော်များအတွက် ဆောင်းတွင်းစားနပ်ရိက္ခာ၊ ဆောင်းတွင်းဝတ် အနွေးထည်များ ထောက်ပို့ကူညီပေးဖို့ မင်းတပ် CDFက မေတ္တာရပ်ခံလိုက်ပါတယ်။ အဲဒီ မေတ္တာရပ်ခံထုတ်ပြန်ရာမှာ မင်းတပ် CDF ရဲဘော်တစ်ဦးရဲ့ တော်လှန်ရေးခံယူချက်နဲ့ ရည်မှန်းချက် သဘောထား အမြင်ကိုလည်း ထည့်သွင်းဖော်ပြပါတယ်။ စစ်တပ်က ပြည်သူရွေးချယ်တဲ့ အစိုးရကို အာဏာသိမ်းခဲ့တဲ့အပြင် စစ်အာဏာရှင်ဆန့် ကျင်တဲ့ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့တာကြောင့် ပြည်သူကိုကာကွယ်ဖို့၊ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်နဲ့ တော်လှန်ရေးမှာ ပါဝင်လာတာဖြစ်တယ်လို့ မင်းတပ် CDF ရဲဘော်က ပြောပါတယ်။ အိမ်ကို သတိရစိတ်ပေါ်လာချိန်မှာ ပြည်သူ့အာဏာပြန်ရတဲ့အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်နဲ့ပဲ အိမ်ပြန်ချင်စိတ်ကို ချိုးနှိမ်ထားရတယ်လို့ CDF ရဲဘော်က ပြောပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်ဖော်ဆောင်ရာမှာ ပညာတက်လူငယ်များ များစွာ လိုအပ်ပြီး သူ့အနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ပါဝင်ရလို့ ပညာကိုပြီးဆုံးအောင် သင်ကြားခွင့်မရှိပေမယ့်လည်း ကျေနပ်တယ်လို့ ဆိုပါတယ်။
▪︎စစ်ကောင်စီတပ် အရပ်သားဟန်ဆောင်ကာ မိုင်းထောင်ခြင်းနဲ့ ကင်းထောက်ခြင်းပြုလုပ်နေ
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အရပ်သားများဟန်ဆောင်ကာ မိုင်းထောင်ခြင်းနဲ့ ကင်းထောက်ခြင်းများပြုလုပ်နေလို့ ပြည်သူများ သတိပြုရမယ့် အချက်တွေကို ကရင်နီတပ်မတော် (KA)က ဒီနေ့ထုတ်ပြန်ပါတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေးတည်ဆောက်မှုကို ဆန့်ကျင်တော်လှန်ရာမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ဆုံးရှုံးမှုများရှိခဲ့ရာ လက်ရှိအခြေအနေအရ ပြည်သူများသတိပြုရမယ့်အချက်တွေကို အသိပေးတာလို့ ဆိုပါတယ်။ အထူးသဖြင့် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ အုပ်စုအတွင်းမှာ သက်ဆိုင်ရာကျေးရွာအလိုက် မြေမြုပ်မိုင်းများကို အထူးသတိပြုဖို့ ဖော်ပြပါတယ်။ နောက်ပြီး စစ်ကာင်စီတပ်ဟာ အရပ်သားဟန်ဆောင်ကာ ကင်းထောက်ခြင်း၊မိုင်းထောင်ခြင်းပြုလုပ်လေ့ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သူစိမ်းများကို တွေ့ရှိပါက သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးအဖွဲ့တွေထံ အကြောင်းကြား သတင်းပေးပို့ဖို့ KA က တိုက်တွန်းထားပါတယ်။

▪︎အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေတဲ့ DPNS ရဲ့ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုတယ်လို့ KNU သဝဏ်လွှာပို့
အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှု အသီးသီးမှာ ပါဝင်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ရဲ့သမိုင်းဖြတ်သန်းမှုကို လေးစား အသိအမှတ်ပြုတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သဝဏ်လွှာပေးပို့ ခဲ့ပါတယ်။ ဒီနေ့ကျရောက်တဲ့ DPNS ပါတီ (၃၄)နှစ်မြောက် ပါတီထူထောင်ခြင်း အထိမ်းအမှတ်ကို KNUက သ၀ဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး DPNS ဟာ ၁၉၉၁ ကစလို့ KNU ရဲ့ မိတ်ဖက်အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပြီး ပြည်သူလူထုလိုလားတဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်အောက်ကနေ အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု(DAB)၊ အမျိုးသားကောင်စီ – NCUB စတဲ့ နိုင်ငံရေးလှုပ်ရှားမှု အသီးသီးမှာ အခက်အခဲ၊ အကြပ်အတည်း ပေါင်းများစွာကို အန်တုရင်ဆိုင် ကျော်ဖြတ်ရင်း တက်ကြွစွာ ပါဝင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ၂၀၂၁အာဏာရှင်ချုပ်ငြိမ်းရေးနွေဦးတော်လှန်ရေးမှာလည်း ဦးဆောင်မှု အခန်းကဏ္ဍကနေ တက်ကြွစွာ ဆက်လက်ပါဝင်တိုက်ပွဲဝင်နေတဲ့ သမိုင်းဖြတ်သန်းမှုကို KNU က လေးစား အသိအမှတ်ပြု မော်ကွန်းတင်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

▪︎ပေါက်မြို့နယ်ရှိ သီးချောင်းရွာ စစ်ကောင်စီတပ် မီးရှို့၊ ရွာလုံးကျွတ်နီးပါးပြာကျ
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ သီးချောင်းကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ အောက်တိုဘာ ၁၂ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ သီးချောင်းရွာကို အင်အားအလုံးအရင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒီနေမှာလည်း ထပ်မံဝင်ရောက် မီးရှို့ခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင် ဆုံး ရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ဘေးရှောင်တွေရဲ့ တဲများကိုပါမချန် မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ သီးချောင်းကျေးရွာနေ ပြည်သူတွေဟာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ပျောက်ဆုံးသူများလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ဘန့်ဘွေးရွာမမှ ရိက္ခာရှာထွက်လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ထိခိုက်မှုများဟုဆို
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ ရိက္ခာရှာ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေဆုံးခဲ့တယ်လို့ ချင်းတွင်းတိုက်ဂါး- LPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ညနေပိုင်းက ဘန့်ဘွေးရွာမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေဟာ ရိက္ခာရှာဖို့ စစ်ကားတစ်စီးအပါအဝင် ခြေလျင်စစ်ကြောင်း ထွက်ခွာလာစဥ် ပဒေသာမိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကားတိမ်းမှောက်သွားပြီး စစ်ကောင်စီတပ်သားနဲ့ ပျု ၁၅ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
▪︎မုံရွာမှထွက်လာတဲ့ စစ်ကောင်စီရဲ့ Jammer မိုင်းဖျက်ယာဥ်တန်း မိုင်းဆွဲခံရ
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမ၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ မိုင်းဖျက်ယာဉ် သုံးစီးကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ရာ တစ်စီးပျက်စီးသွားတယ်လို့ Brave Heart Army – BHA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာ-ချောင်းဦး လမ်းမကြီးပေါ် မုံရွာမြို့မှ အင်အား ၈၀ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ Jammer (မိုင်းဖျက်စက်) ယာဉ် သုံးစီးအနက် ဒုတိယမြောက်ယာဉ်ကို ရှေ့ထွက်ပတ်လည် ပဒေသာမိုင်း (၄)လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ကားဘီးတာယာများ ပျက်စီးသွားကာ လမ်းဘေးမှာ ထိုးရပ်သွားခဲ့တာလို့ ဆိုပါတယ်။ Jammer စက်မှာလည်းသုံးမရအောင် ပျက်စီးသွားတယ်လို့သိရပြီး ထိခိုက်သေဆုံးမှု အတိအကျမသိရသေးပေမယ့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာပြင်းထန်နိုင်တယ်လို့ Brave Heart Army – BHA ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။


















































