ရိခေါ်ဒါရ်မြို့တွင် ဈေးဝယ်လာသည့် စစ်ကောင်စီတပ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားအချို့သေဆုံးထိခိုက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်ကရိခေါ်ဒါရ်မြို့ မီးရှို့ခဲ့ကြောင်း မြို့ခံများကပြောသည်။
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် ၂ ရပ်ကွက် တောင်ကုန်းပေါ်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ကားသည်ယနေ့(အောက်တိုဘာ ၂၆ ရက်)မနက်၈နာရီခန့်ကမြို့ပေါ်သို့ ဈေးဝယ်လာစဉ် ဒေသခံကာကွယ်ရေးတပ်များက အသင့်ဆင့်ထားသည့် မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းမျက်မြင်တွေ့ရှိသောဒေသခံများကပြောသည်။
“မိုင်းဆွဲခံရပြီး မြို့ထဲမှာ သောင်းကျန်းတယ်။ ဆိုင်တွေကိုလည်း ပိတ်ခိုင်းတယ်။ လူတွေကိုလည်း အိမ်ထဲမှာဘဲ နေခိုင်းတယ်။ မိုင်းဆွဲလို့သေသွားတဲ့ စစ်သားတွေကိုတင်ပြီး အိမ်တွေပါမီးရှို့ပစ်သွားကြတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်ကလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး အမှတ်( ၂) ရပ်ကွက်ရှိလူအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများကပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအရေအတွက်နှင့် ပြည်သူများ၏နေအိမ် မီးလောင်ဆုံးရှုံးခဲ့သောအရေအတွက်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
အဆိုပါစစ်ဆင်ရေးကိုကို ရိခေါ်ဒါရ်မြို့ ဒေသကာကွယ်ရေးတပ်(Mountain Eagle Defense Force- MEDF)ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ခံအများစုသည်အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးနေရသည်ဟုလည်းဒေသခံအချို့ကပြောသည်။
