ရေကြောင်းမှ စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ စစ်ကောင်စီတပ် ဖြည့်တင်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်ဒေသ၌ ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့(KIO)၏ လိုင်ဇာတီဗီက သတင်းဖော်ပြသည်။
KIA အမှတ်(၆)တပ်မဟာ အမှတ် (၃၆)တပ်ရင်း နယ်မြေ မုံးပေါ်ဒေသ၌ အောက်တိုဘာ ၂၅ရက် နံနက် ၈နာရီခန့်မှစပြီး ညနေ ၄နာရီထိ တိုက်ပွဲဖြစ် ခဲ့သည်ဟု ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံး ရှိမရှိ အခြေ အနေကို ဖော်ပြမထားပေ။
စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက် ညနေပိုင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
KIA တပ်ရင်း(၃၆)နယ်မြေတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာဖွယ်ရှိကြောင်း ဖော်ပြထား သည်။

ကချင်ပြည်နယ် မိုးမောက်မြို့အထက်ပိုင်း လုံဂျာတောင်၌လည်း KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၅)နယ်မြေ မိုးမောက်မြို့အထက်ပိုင်း လုံဂျာတောင်တွင်အောက်တိုဘာ ၂၂ရက်မှစ၍ နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြထားသည်။
ဖားကန့်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း လိုင် ဇာတီဗီက သတင်းက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ရေကြောင်းက သင်္ဘောများဖြင့် ကချင်ပြည်နယ်သို့ ဆန်တက်လာကြောင်း၊ ထိုသို့ ဆန်တက်ရာတွင် တိုက် လေယာဉ်က လုံခြုံရေးလိုက်ပါလာကြောင်းဖော်ပြထားသည်။
