နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)သည် စစ်တပ်၏ ဒဏ်ခတ်ခြင်းမခံရသည့်အစဥ်အလာကို အပြီးတိုင်အဆုံးသတ်ပေးရန်နှင့် နစ်နာသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် မြန်မာပြည်သူများ၏ အသံများကို နားထောင်ပေးစေလိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံမှတဆင့် တောင်းဆိုလိုက်သည်။
ICC သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)မှ စုဆောင်းရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက တိုက်တွန်းသည်။ ယမန်နေ့က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာ သံအမတ်ကြီးက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မြန်မာစစ်တပ်က သမိုင်းတစ်လျှောက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် လက်ရှိကျူးလွန်ဆဲ ကြီးလေးသော ရာဇဝတ်မှုများအတွက် နိုင်ငံတကာအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးနိုင်မည့်အပေါ် မြန်မာပြည်သူများက မျှော်လင့်နေကြောင်း သံအမတ်ကြီးက ညီလာခံသို့ ပြောသည်။
IIMM နှင့် နိုင်ငံတကာဥပဒေပညာရှင်များ၏ သုံးသပ်ချက်များအရ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်တပ်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် လုံလောက်သည့် သက်သေအထောက်အထားများရှိနေပြီ ဖြစ်ကြောင်း အစီရင်ခံသည်။
အဆိုပါ စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

မြန်မာစစ်တပ်သည် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်လျက်ရှိပြီး ပြည်သူများကိုလည်း လေကြောင်းတိုက်ခိုက်မှုများနှင့် ရွာလုံးကျွတ်မီးရှို့မှုများကိုလည်း ကျူးလွန်နေကြောင်း စစ်ကိုင်းတိုင်း လက်ယက်ကုန်းစာသင်ကျောင်း၊ ကချင်ပြည်နယ် အနန့်ပါတေးဂီတဖျော်ဖြေပွဲ လေကြောင်းတိုက်ခိုက်ခံရမှုများကို နမူနာပေး ပြောကြားခဲ့သည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တာဝန်ခံမှုရှိစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုအားလုံး ချုပ်ငြိမ်းစေရန် ကတိကဝတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံအား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုရှိပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အမြဲမပြတ်အားထုတ်နေကြောင်း သံအမတ်ကြီးက ပြော သည်။ ထိုသို့လုပ်ဆောင်နိုင်ရန် ICC ခုံရုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
