▪︎NUG နိုင်ငံခြားရေးဝန်ကြီး Global Townhall 2022 သို့ တက်ရောက်မယ်
အင်ဒိုနီးရှားရဲ့နိုင်ငံခြားရေးမူဝါဒအသိုက်အဝန်း(FPCI)က ကြီးမှူးပြုလုပ်တဲ့ Global Townhall 2022 ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မနက်ဖြန်မှာ တက်ရောက်အမှာစကားပြောကြားမယ်လို့ NUG ဝန်ကြီးအချို့က ပြောပါတယ်။ နိုင်ငံပေါင်း ၁၂၀ ကျော်က လူပေါင်း ၁၂၀၀၀ ကျော်စုဝေးတက်ရောက်ကြမယ့် အဲ့ဒီ Global Townhall ကို ဥရောပကော်မရှင်ဥက္ကဌ၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အခြားကမ္ဘာတလွှားက နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်း ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာပါ။ Global Townhall 2022 ရဲ့ အခုနှစ် အဓိကအကြောင်းအရာအဖြစ် ’Sustaining Peace and Development in a Divied World’(ကွဲပြားနေတဲ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးမှုတည်တံ့စေခြင်း) ခေါင်းစဥ်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တက်ရောက်လာ တဲ့ ကမ္ဘာ့နိုင်ငံသားတွေက ဆွေးနွေးကြမှာဖြစ်ပါတယ်။

▪︎အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံမှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်ဆွေးနွေး
ကမ္ဘောဒီးယား၊ ဖနွမ်းပင်မှာ ဒီနေ့ကျင်းပပြုလုပ်တဲ့ အာဆီယံ အရပ်ဘက် အဖွဲ့အစည်းများညီလာခံ/ အာဆီယံလူထုတွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အဲဒီညီလာခံကို ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ခဲ့တဲ့ ဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ပတ်သက်လို့ ရပ်တန့်နေတဲ့ အာဆီယံရဲ့ သံတမန်ရေးရာကိစ္စရပ်များကို အခြေခံကျကျပြောင်းလဲဖို့နဲ့ ဖြေရှင်းရေးသို့ ဦးတည်နိုင်ဖို့ ရည်ရွယ်ကာ အချက် ၅ ရပ်ချက်ကိုလည်း တောင်းဆိုခဲ့ တယ်လို့ ဆိုပါတယ်။

(NUG) ကို မြန်မာပြည်သူလူထု တရားဝင် ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရအဖြစ် အသိအမှတ်ပြုဖို့၊ တရားမဝင် စစ်အာဏာရှင်တို့ကို သံတမန်ရေးရာ အဆင့်အတန်း ပေးအပ်ခြင်းမပြုဖို့ ၊အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ကာ သံတမန်ဆက်ဆံရေး စာမျက်နှာ အသစ်တစ်ခုကို စတင်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်မှုများ ဆောင်ရွက်ဖို့၊ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို တရားမဝင်ကြောင်းကြေညာကာ လူသိရှင်ကြားပယ်ချဖို့၊ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်မယ့် လုပ်ငန်းစဉ်ကို မြှင့်တင်ဖို့ စတဲ့အချက်တွေကို ဝန်ကြီးဦးအောင်မျိုးမင်းက တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

▪︎စစ်ကောင်စီအတွက် လေယာဥ်ဆီသွင်းပေးနေတဲ့ Asia Sun နဲ့ MPE ကိုဒဏ်ခတ်အရေးယူဖို့ JFM တိုက်တွန်း
စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိကပါဝင်ပတ်သက်နေတဲ့ Asia Sun Group နဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း(MPE) တို့ကို ကမ္ဘာ့နိုင်ငံများက ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice For Myanmar (JFM)က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှုများကို မီးထိုးနေသော ထောက်ပံ့ရေးကွင်းဆက်ကို ဖော်ထုတ်ထားတဲ့ ‘မရဏကုန်စည်’ အမည်ရှိ အစီရင်ခံစာတစ်စောင်ကို အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က Justice For Myanmar ရဲ့ သုတေသနပံ့ပိုးမှုနဲ့ ဒီလဆန်းမှာ ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာမှာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်အကြောင်း ဖော်ထုတ်ထားကာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ ကွင်းဆက်မှာပါဝင်တဲ့ ကုမ္ပဏီအချို့ရဲ့ ပတ်သက်ဆက်နွှယ်နေပုံကို ဖော်ပြထားပါတယ်။ ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ အနေနဲ့ အဓိကပါဝင်ပတ်သက်နေတဲ့ Asia Sun Group နဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) တို့အပေါ် ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ဖို့ JFM က တောင်းဆိုပါတယ်။

▪︎စစ်ကောင်စီ စီစဥ်တဲ့ ကျိုက်ထီးရိုးဘုရား “အခမဲ့” နေ့များသို့ သွားရောက်သူ နည်းပါး
အကြမ်းဖက်စစ်ကောင်စီ စီစဥ်တဲ့ ကျိုက်ထီးရိုးဘုရား”အခမဲ့”နေ့များသို့ လာရောက်သူ အလွန် နည်းပါးပြီး Non CDM ဝန်ထမ်းတွေနဲ့ သူတို့မိသားစုဝင် အများစုသာရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ နိုဝင်ဘာ ၃ရက် နဲ့ ဒီနေ့(နိုဝင်ဘာ ၄ ရက်)တို့မှာ ကျိုက်ထီးရိုးဘုရားမှာ ကားခ၊ တည်ခိုးခ၊ ကေဘယ်ခ၊ စားစရိတ်ခ အခမဲ့နေ့အဖြစ် စစ်ကောင်စီက သတ်မှတ်ထားတာပါ။

အရင်က ဘုရားဖူးသောင်းချီရှိပေမယ့် လက်ရှိမှာတော့ ရာဂဏန်းလောက်သာရှိတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိ လာရောက်လည်ပတ်သူတွေမှာလည်း စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးလို့ လာရောက်ရတဲ့ Non CDM ဝန်ထမ်းတွေနဲ့ သူတို့နဲ့ဆက်စပ်သူတွေသာ ရှိတယ်လို့ ကျိုက်ထီးရိုးဂေါပကနဲ့ နီးစပ်သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကား ဂိတ်အတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေ့က ဘုရားဖူးအရပ်သားသေဆုံးသူအချို့ ရှိခဲ့ပြီး စစ်ကောင်စီက အရပ်သားတွေ သေဆုံးတာဟာ တော်လှန်ရေးအဖွဲ့တွေရဲ့လက်ချက်လို့ စွပ်စွဲပေမယ့် ဒေသခံတွေနဲ့ KNU တို့ကတော့ စစ်ကောင်စီတပ်သားတွေက အရပ်သားတွေ ပစ်ခတ်ခဲ့တာလို့ အခိုင်အမာဆိုပါတယ်။

▪︎မြေပဲဖော်နေတဲ့ တောင်သူတွေကို ပျူစောထီးတွေ ပစ်ခတ်လို့ တော်လှန်ရေးအဖွဲ့တွေ တုန့်ပြန်ပစ်ခတ်
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မြေပဲဖော်နေတဲ့ ဒေသခံတောင်သူတွေကို ပစ်ခတ်ခဲ့တဲ့ ကန်နီကျေးရွာရှိ ပျူစောထီးတွေကို တာဝေးပစ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး(MVRF) ဥက္ကဌဦးအောင်ဇေယျက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ပျူစောထီးအင်အားကောင်းရာ ကန်နီရွာကို MVRF တပ်ရင်း နဲ့ MRTF တပ်ဖွဲ့တို့ ပူးပေါင်းကာ ရော့ကတ်တွေနဲ့ ကန်နီရွာအတွင်းကို ပစ်သွင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ကန်နီရွာရှိ ပျူတွေဟာ အနီးနားရှိ ကျေးရွာများမှ မြေပဲသီးနှံဖော်နေတဲ့ဒေသခံတောင်သူတွေကို လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

▪︎ခင်ဦးမှာ စစ်အုပ်စုရှိရာနေရာတွေကို ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတပ်စွဲရာ နေရာနှစ်ခုကို လက်လုပ် နှစ်ဆင့်ကွဲတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတဲ့ စစ်အုပ်စုကိုပါ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ Khin U Specia l Force Organization KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ညပိုင်းက ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးများ အခြေချထားတဲ့ ရွာသစ်ကုန်းကျေးရွာနဲ့ အင်းပတ်ကွေ့ရှိ စစ်အုပ်စုအထိုင်ချထားတဲ့ ကတုတ်ကျင်း၊ ဘန်ကာများရှိတဲ့ နေရာတွေကို လက်လုပ် နှစ်ဆင့်ကွဲတွေနဲ့ ၇ချက် ပစ်သွင်းတိုက်ခိုက်ခဲ့ တာလို့ ပြောပါတယ်။ အဲဒီလို့ ပစ်သွင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စု အထိနာကာ ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ မိုင်းကွင်းအတွင်း ရောက်ရှိလာတာကြောင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နေရာမှာတင် ငါးဦးထက်မနည်း သေဆုံးသွားတယ်လိ့ KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ နောက်ပြီး အပြန်အလှန်ပစ်ခတ်မှုမှာ စစ်တပ်နဲ့ ပျူ ၃ ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆက်ပြောပါတယ်။
▪︎ကလေးတောင်ပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်ပါတယ်။ မနေ့က ကလေးမြို့မှ ထွက်ခွာလာတဲ့ အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်ကို မြို့ကြီးကုန်းနဲ့ နည်းပညာတက္ကသိုလ် (ကလေး) ကြားမှာ ကလေး PDF မိုင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့တယ်လို့ ကနဦးသတင်းဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ အနီးဝန်းကျင်သို့ မိနစ်အတန်ကြာ ပစ်ခတ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
▪︎ဝက်လက်နဲ့ အရာတော်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖျက်ဆီးနေလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းနဲ့ အရာတော်မြို့နယ်များရှိ စစ်ကောင်စီတပ်များ တကျော့ပြန် စစ်ကြောင်းထိုးလာလို့ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ဟန်လင်းမြို့ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဟာ ဒီနေ့ မနက်ပိုင်းက အောင်ချမ်းသာကျေးရွာသို့ ဝင်ရောက်မွှေနှောက်ကာ ဒေသခံပြည်သူသုံးဦးကိုဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အလားတူ ဝက်လက်မြို့နယ်နဲ့ နယ်ချင်းဆက်နေတဲ့ အရာတော်မြို့နယ်မှာလည်း ဒီနေ့မနက်ပိုင်းက အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ကျွဲခြံကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရာ ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ကျေးရွာတွေကို အလျင်စလိုပြန်လည်ဝင်ရောက်ခြင်းများ မပြုကြဖို့၊ စိတ်ချရတဲ့ အခြေအနေရောက်မှသာ ရွာပြန်ဝင်ကြဖို့ ဒေသကာကွယ်ရေးရဲဘော်တွေက သတိပေးထားပါတယ်။
▪︎မုံရွာနဲ့ မြင်းမူရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့မြင်းမူမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို မနေ့ညနေပိုင်းက စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ မြင်းမူမြို့နယ်၊ ရွှေယင်းမာကျေးရွာသို့ဝင်ရောက်ပြီး နေအိမ်အချို့ကိ ဝင်ရောက် မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ စစ်ကြောင်းဟာ ညနေ ၅နာရီခွဲခန့်မှာ ရွှေယင်းမာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ တောချောင်းဦးရွာမှာ ညအိပ်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ တောချောင်းဦးနဲ့ ဂရုကျေးရွာကြားတောထဲကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ နောက်ပြီး မနေ့ ညနေပိုင်းကပဲ မုံရွာမြို့(နမခ)မှ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ နဂါးတွင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရလို့ မီးသင့်အိမ်ခြေအရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။


















































