လာမယ့်အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အရေးအတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်လို့ဆို
လာမယ့်အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ဖွယ်ရှိနေတယ်လို့ စင်ကာပူအခြေစိုက် The Straits Timesက ဖော်ပြပါတယ်။ အလှည့် ကျဥက္ကဌ ကမ္ဘောဒီးယား၊ ဖနွမ်းပင်မှာ မကြာခင် ကျင်းပမယ့် ထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာစစ်ခေါင်းဆောင် လိုက် နာအကောင်အထည်ဖော်ခြင်းမရှိတဲ့ ဘုံဆုံးဖြတ် ချက် ၅ ရပ်ကိုအလုံးစုံ ပြန်လည်ပြင်ဆင်တာမျိုး ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကတော့ အာဆီယံအနေနဲ့ ပြည်သူရွေးချယ်တင်မြှောက် အမှတ်ပြုတဲ့ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့နဲ့ ထိတွေ့ဆက်ဆံဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိမှာတော့ အာဆီယံဟာ NUG ၊ NUCC နဲ့ ထိတွေ့ဆက်ဆံခြင်းမရှိသလို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလည်း ထိပ်သီးညီလာခံတွေကို တက်ရောက်ခွင့်မပေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ထိုင်းသို့ တရားမဝင် ဝင်ရောက်သူ လုပ်သားအရေအတွက် စံချိန်တင်မြင့်တက်
စစ်အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူနဲ့ ဖမ်းဆီးခံရသူ လုပ်သားအရေအတွက် စံချိန်တင်မြင့်မားနေတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစလို မြန်မာနိုင်ငံရဲ့လုံခြုံရေး၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ အဖက်ဖက်မှာ ပိုမိုဆိုးရွားလာခဲ့ပြီး လူငယ်၊ လူရွယ်တွေနဲ့ အလုပ်လုပ်နိုင်သူတွေဟာ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ကာ တရားမဝင်နေ့စဥ်ဝင်ရောက်မှုများရှိနေကာ ပြီးခဲ့သည့် လပေါင်း ၂၀ အတွင်း ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ အနိမ့်ဆုံး ၈၀၀၀၀ ရှိတယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်-MWRN ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီဟာ ဒီနှစ် မေလမှစတင်ကာ တရားဝင် MoU လမ်းကြောင်းကနေ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ပြန်လည်စတင်ခဲ့ပြီး လက်ရှိအချိန်အထိ တရားဝင်အလုပ်သမား ၇၀၀၀၀ ကျော်ကို စေလွှတ်ပြီးဖြစ်ပါတယ်။

Public Service Announcement

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ပုသိမ်မြို့ရှိ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက်
‘နန်းထိုက်အောင် စစ်ဆက်ရေး’အဖြစ် ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ် ဆေးရေးဌာန(စသုံးလုံး)ရုံးကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပုသိမ်မြို့ပြောက် ကျားတပ်ဖွဲ့(PSTF)က ပြောပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းမှာ ပုသိမ်မြို့ မြတ်တိုစုပေါင်းရုံးလမ်းရှိ စသုံးလုံးရုံးကို PSTF နဲ့ ကန်ကြီးထောင့်(ပကဖ) တို့ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ထိခိုက်မှုကို အသိရသေးကြောင်းနဲ့ လုံခြုံရေးကြောင့် တိုက်ခိုက်မှုအပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်(PSTF) တိုက်ခိုက်ရေးတာဝန်ခံရဲဘော်က ပြောပါတယ်။

KNU သထုံခရိုင်အတွင်းတိုက်ပွဲအတွင်း HRS တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန် ကျဆုံး
ကရင်အမျိုးသားသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတစ်ခုမှာ ဒေသတွင်းတော်လှန်ရေးတပ် Hawk Revolutionary Squad-HRS မှတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ရဲဘော်ထွန်းထွန်း(ခ)အထွန်း နဲ့ အသက် ၂၉ နှစ်အရွယ် ရဲဘော် ဝေဖြိုးဦးတို့ဟာ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၂ ရက်မှာကျဆုံးခဲ့တယ်လို့ HRSက ထုတ်ပြန်ပါတယ်။

တိုက်ပွဲအပြီး အပြန်ရန်သူ့ဘက်က လက်နက်ကြီး ပစ်ခတ်ရာမှာ ကျသွားတာလို့ HRS တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ညီအစ်ကိုရဲဘော်ရဲဘက်ကောင်းနှစ်ဦးကို ဆုံးရှုံးခဲ့ရတဲ့အတွက် မိမိတို့ရဲဘော်များ အနေဖြင့် လွန်စွာမှ ကြေကွဲဝမ်းနည်းကြရပြီး ကျန်ရစ်သော ရဲဘော်ရဲဘက်များအနေနဲ့ ဤတန်ဖိုးကြီးမားသောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ HRSက ထုတ်ပြန်ပါတယ်။ အချိန်ရှိတုန်းမှာ အားလုံး အားသွန်ခွန်စိုက် ဝိုင်းတွန်းစေချင်ကြောင်းနဲ့ မဟုတ်ရင် အသက်တွေ မလိုအပ်ဘဲ ဆုံးရှုံးရတာတွေ ထပ်ပြီး မမြင်မခံစားချင်တော့ဘူးလို့ HRS တာဝန်ရှိသူက ပြောပါတယ်။

ကန့်ဘလူနယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် သံဃာတော်နှစ်ပါးနဲ့ ပြည်သူ ကိုးဦး ပျောက်ဆုံးနေ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကို အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများရှိ ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီစစ်ကြောင်းထိုးပြီးနောက် သံဃာတော် နှစ်ပါးနှင့် ပြည်သူ ကိုးဦး ပျောက်ဆုံးနေကြောင်းလည်း ဖော်ပြပါတယ်။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ အောက်တိုဘာ ၂၂ ကနေ ၃၁ ရက်အထိ ကန့်ဘလူနယ်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့မှုများ လုပ်ဆောင်ခဲ့လို့ ကျေးရွာလေးရွာမှ စုစုပေါင်း လူနေအိမ် ၁၉၂လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ် နမ့်ခမ်းဒေသခံ လယ်သမားနှစ်ဦးကို သတ်ဖြတ်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ မိုင်းမိတဲ့ နေရာအနီးမှ ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က မနေ့ နေ့ခင်းပိုင်းမှာ လမ်းမပေါ် မိုင်းပေါက်လို့ဆိုပြီး ဘာမှမဆိုင်တဲ့ လမ်းဘေးတဲထဲက ဦးကြီးအရွယ်နှစ်ဦးကို ပစ်သတ်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ တောင်သူလယ်သမားနှစ်ဦးအပြင် လယ်ကွင်းထဲရှိ ကျွဲကိုပါသေနတ်နဲ့ ပစ်သတ်သွားတယ်လို့ မန်စပ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
မနေ့ညက ဖားကန့်မြို့အနှံ့ စစ်ကောင်စီတပ် ခြောက်လှန့်ပစ်ခတ်
ဖားကန့်မြို့ပေါ်ရပ်ကွက်တွေနဲ့ လုံးခင်းကျောက်ဝိုင်းပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ရဲများက မနေ့ညပိုင်းက သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို ရမ်းသန်းပစ်ခတ်ခြင်းဟာ အနန့်ပါဖြစ်စဥ်ပြီးနောက် သူတို့ကို KIA နဲ့ PDF များက လာရောက်တိုက်ခိုက်မှာကို ထိတ်လန့်ကာ ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်တယ်လို့ မကြားသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းကနေ ဖားကန့်၊ အနန့်ပါကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲများမှာ ဘယ်သွားသွား လူနည်းနည်းနဲ့ မသွားရဲတော့ဘဲ လူ ၂၀ ၊၃၀ စုသွားလေ့ရှိပြီး ထူးခြားသည်မှာ စစ်ကောင်စီတပ်အင်အားသိပ်မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်နယ် သာဂရရွာအနီးတိုက်ပွဲ ပြည်သူ့ရဲဘော် တစ်ဦးကျဆုံး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲမှာ ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၂၅) TPC -Taze People’s Comrades အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့မနက်ပိုင်းက တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာအနီး စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့တွေနဲ့ ရွှေဘိုခရိုင်တပ်ရင်း (၂၅) TPC အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့် ကြာမြင့်ခဲ့ပြီး TPCတပ်ရင်းမှ အသက် (၁၉)နှစ်အရွယ် ရဲဘော်ချစ်တိုးအောင်ဟာ စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတာလို့ အသိပေးပါတယ်။ ရဲဘော်ချစ်တိုးအောင်ဟာ အသက်ကို ပထာနမထားဘဲ ရဲဝံ့သတ္တိစွမ်းရည်အပြည့်နဲ့ ပြောင်မြောက်စွာ တော်လှန်တိုက်ခိုက်ခဲ့တဲ့အတွက်များစွာ ဂုဏ်ယူလေးစားပြီး အလေးပြုပါကြောင်း TPC -Taze People’s Comrades အဖွဲ့က ထုတ်ပြန်ပါတယ်။
သပိတ်ကျင်းမြို့နယ် တကောင်းရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စစ်ကောင်စီလက်အောက်ခံ တကောင်းရဲကင်းဂိတ်ကို ပဒေသာမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကတကောင်းလမ်းဆုံရှိ စစ်ကောင်စီရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပေမယ့် မဖော်ပြလိုတဲ့ အကြောင်းအရာအချို့ကြောင့် ရန်သူ့ဘက်မှ ထိခိုက်မှုမရှိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သပိတ်ကျင်းမြို့နယ်ရှိ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ စည်းကမ်းချက်များကို လိုက်နာကာ စစ်ကောင်စီတပ်တွေနဲ့ နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုကြဖို့ သတိပေးထားပါတယ်။


















































