▪︎ရန်ကုန်မြို့ရှိ ဘားနဲ့နိုက်ကလပ်များ တန်ဆောင်မုန်းလပြည့်ညပွဲ မလုပ်ဖို့ မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး
ရန်ကုန်မြို့ရှိ ဘား(Bar)နဲ့ နိုက်ကလပ်(Night Club)များအနေနဲ့ တန်ဆောင်မုန်းလပြည့်ညမှာ ပွဲတွေမပြုလုပ်ဘဲ တော်လှန်ရေးမှာ ပါဝင်ပေးဖို့ မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Brave Eagles နဲ့ Dark Shadow အဖွဲ့တို့က သတိပေးလိုက်ပါတယ်။ ရန်ကုန်မြို့ရှိ ဘားနဲ့နိုက်ကလပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီကို လိုင်းကြေးများပေးဆောင်ကာ မူးယစ်ဆေးဝါးများရောင်းချမှုတွေ လုပ်ဆောင်နေပြီး ပွဲများကျင်းပခြင်းဖြင့် တိုင်းပြည်အေးချမ်းတဲ့ သဘောဆောင်အောင် လုပ်ဆောင်နေတာကြောင့် သတိပေးတာဖြစ်တယ်လို့ ဆိုပါ တယ်။ သတိအမျိုးမျိုးပေးထားတဲ့ကြားက ဆက်လက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေးကို ဆက်လက်ထောက်ပံ့နေပါက တော်လှန်ရေး မဟာမိတ်ညီနောင်တွေက တုံ့ဆိုင်းခြင်းမရှိဘဲ အရေးယူဒဏ်ခတ်သွားမယ်လို့ အသိပေးထားပါတယ်။



▪︎မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးကိုမတွေ့လို့ မသက်ဆိုင်တဲ့ ဦးဇင်း နှစ်ပါးကို စစ်အုပ်စုဖမ်းဆီး
စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးသံဃသမဂ္ဂက ဦးဆောင်ဆရာတော်ကို ဖမ်းမမိတာကြောင့် အခြားဦးဇင်းနှစ်ပါးကို ပြန်ပေးဆွဲသလို စစ်အုပ်စုဟာ ဖမ်းဆီးသွားတယ်လို့ သံဃသမဂ္ဂ( မန္တလေး)ကထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၂ ရက် နေ့ခင်းက မန္တလေးမိုးကောင်းကျောင်းတိုက်ထဲကို စစ်အုပ်စုဟာ ဝင်ရောက်ကာ သံဃသမဂ္ဂ ဦးဆောင်ဆရာတော် တစ်ပါးကို ဝင်ဖမ်းခဲ့တာပါ။ ဒါပေမယ့် မတွေ့တာကြောင့် ညပိုင်း ၇ နာရီမှာ ထပ်လာပြီး စာသင်နေတဲ့ အခြားသော ဦးဇင်း နှစ်ပါးကို စစ်မေးစရာရှိလို့ ခဏခေါ်သွားမယ်မယ်ဆိုကာဖမ်းဆီးသွားတာလို့ သိရပါတယ်။ အဲဒီ ဦးဇင်း နှစ်ပါးဟာ သံဃသမဂ္ဂ(မန္တလေး) နဲ့ပတ်သက်ဆက်နွယ်သူတွေမဟုတ်ပေမယ့် ဖမ်းဆီးပြီး လေးရက်အကြာ ဒီနေ့ နိုဝင်ဘာလ ၆ ရက်အထိ ပြန်လွှတ်ပေးတာမရှိသေးပါဘူး။ ဖမ်းဆီးသွားတဲ့ ဦးဇင်းနှစ်ပါး ရဲ့ ကျန်းမာရေးနဲ့အသက်အန္တရာယ်တစုံတရာ ဖြစ်ခဲ့ရင် အကြမ်းဖက်ဖမ်းဆီးခဲ့သူတွေ တာဝန်ယူရမယ်လို့လည်းသတိပေးထားပါတယ်။
▪︎စစ်ကောင်စီရဲ့ လေတပ်စခန်း၊ သံချပ်ကာတပ်စခန်းနဲ့ စစ်ကြောင်းများကို KIA တိုက်ခိုက်
ကချင်ပြည်နယ်ရှိ စစ်ကောင်စီရဲ့ လေတပ်စခန်း၊ သံချပ်ကာတပ်စခန်း၊ စစ်ကောင်စီ စစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ စစ်ကောင်စီရဲ့ ဗန်းမော် လေတပ်စခန်းနဲ့ လက်နက်ကြီး တပ်စခန်းကို မနေ့ ညနေပိုင်းက KIA တပ်မဟာ(၃) တပ်ရင်း(၁) တပ်ဖွဲ့များက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို မြစ်ကြီးနား မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ သံချပ်ကာ တပ်ရင်းအား KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၁) တပ်ဖွဲ့က ၁၀၇ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗန်းမော်ခရိုင် ရွှေကူမြို့ဘက်ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောတွေကလည်း သင်္ဘောလုံခြုံရေးခေါင်းစဉ်တပ်ကာ မနေ့ ညနေပိုင်းက ဒေသတွင်းရှိ ကျေးရွာတွေနဲ့ ဆင်တပ် ကျေးရွာ အတွင်းသို့ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
▪︎စစ်ကောင်စီရေယာဉ်နှစ်စီး ရမ်းသမ်းပစ်ခတ်နေလို့ ဧရာဝတီမြစ်ဘေးရှိ မြောင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း မြောင်ဘက်ဦးတည်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီရေယာဉ်နှစ်စီး ဒီနေ့ဆန်တက်လာပြီး ရမ်းသမ်းပစ်ခတ်နေလို့ မြစ်ကမ်းဘေးရှိ ကျေးရွာငါးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းကလည်း ထိုးနေတာမို့ ရွာကို ပြန်မကပ်နိုင်ဘဲ အကူအညီတွေလိုအပ်နေတယ်လို့ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီနေ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ကျောက်တန်းနဲ့ သရက်ကုန်းကျေးရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကို ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီပေးကြဖို့ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက မေတ္တာရပ်ခံပါတယ်။

▪︎မြိတ်ခရိုင်တပ်ရင်း(၁)က စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကူလာတဲ့ တပ်ကိုပါ တိုက်ခိုက်
တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တ့အပြင် စစ်ကူလာတဲ့ တပ်ကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁)က ပြောပါတယ်။ နိုဝင်ဘာ ၄ ရက် နံနက် ၁၀ ပဝတ်ကုန်းကျေးရွာအခြေစိုက်စစ်ကောင်စီတပ်စခန်းကို မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက လက်ဦးမှုယူတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အလားတူ အဲဒီနေ့ နေ့ခင်းပိုင်းမှာ တိုရွာဘက်သို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ပိတပ်ကျေးရွာအနီးကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှစ်ကြိမ်မှာ စစ်ကောင်စီတပ်သားအနည်းဆုံး ရှစ်ဦးသေဆုံးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)က ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်တွေဟာ အပြစ်မဲ့ ပြည်သူ ၂၀ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူရှစ်ဦးထိခိုက်ဒဏ်ရာရကာ တစ်ဦးကို ပစ်သတ်သွားတယ်လို့ သိရပါတယ်။
▪︎ဘုတ်ပြင်းမြို့နယ် စစ်ကောင်စီရဲ့ ခမရ(၅၆၀) တပ်နဲ့ တိုက်ပွဲဖြစ်
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ခမရ(၅၆၀)တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး လက်နက်၊ခဲယမ်းများရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင် တပ်ရင်း(၁)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁)နဲ့ Flying Stars ပကဖအဖွဲ့(ဘုတ်ပြင်းမြို့နယ်) ပူးပေါင်းစစ်ကြောင်းဟာ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေရာသို့ ခမရ (၅၆၀) တပ်ရင်းက ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ပြည်ထောင်စုလမ်းမကြီးအတိုင်း ခြေလျင်ဆင်းလာတဲ့ အင်အား ၁၅ ဦးခန့်ပါ ခမရ (၅၆၀) တပ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အများစု မိုင်းနဲ့ ကျည်ထိမှန်ခဲ့တယ်လို့ အသိပေး ပါတယ်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက်ကလည်း ကော့သောင်းခရိုင် တပ်ရင်း(၁)မှ ရဲဘော်သုံးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်လို့ ကော့သောင်းခရိုင်တပ်ရင်း (၁) က ပြောပါတယ်။
▪︎လိပ်သိုမှာ စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ရှင်းလင်းခံရ၊ MA 3 တစ်လက်ရရှိ
ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်မှာ စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး MA 3 တစ်လက်ရရှိခဲ့တယ်လို့ People Defence Force Thandaung က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက လိပ်သိုမြို့နယ်၊ သံမိုးတောင်ကျေးရွာ၊ ပိန္သီလာလမ်းခွဲမှာ စစ်ကောင်စီတပ်သားနှစ်ဦးကို ရှင်းလင်းခဲ့တာ ဆိုပါတယ်။ MA 3 သေနတ်တစ်လက်နဲ့ ကျည်၂၅တောင့် ရရှိခဲ့ကာ စစ်ကောင်စီတပ်သားနှစ်ဦးမှာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီ လက်ပါးစေ ဒလန်တွေ အနေနဲ့ လည်း ယခုကိစ္စကို နမူနာယူကာ နောင်တရပြောင်းလဲဖို့ သတိပေးထားပါတယ်။

▪︎ကနီမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ပစ်ခတ် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ စစ်ကောင်စီ တပ်စွဲရာနေရာတွေကို မဟာမိတ်အဖွဲ့များပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingyi Border Task Force – SBTF (ဆားလင်းကြီးမြို့နယ်-ပကဖ) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ကနီမြို့ရှိ စစ်ကောင်စီတပ် ကင်းပုန်းဝပ်ရာနေရာနဲ့ တပ်အထိုင်ချရာ စာသင်ကျောင်း ၊ ဆေးရုံ ၊ ရဲစခန်းများကို လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း (၆၀) မမ၊ (၈၀)မမ၊ (၁၂၀) မမ၊ မမအဖူး ၁၅၀၊ လက်လုပ် M79 40mm ၊ လက်လုပ် မောင်းပြန် (7.62mm) တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ SBTF က အသိပေးပါတယ်။ စစ်ကောင်စီဘက်ကလည်း မိုင်းတွဲများ ဖောက်ခွဲခြင်း၊ ပြန်လည်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ၃ နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က အသေအပျောက်ရှိနိုင်ပြီး အတိအကျ မပြောနိုင်သေးဘူးလို့ SBTF က ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ SBTF ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။
▪︎မြင်းမူမြို့နယ် လက္ကပင်ရွာ လက်နက်ကြီးနဲ့ပစ်ခံရလို့ ပြည်သူ ၃ ဦးထိခိုက်
စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်ထဲက လက္ကပင်ကျေးရွာ မှာ စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ပြည်သူ သုံး ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ မနေ့ နေ့ခင်းပိုင်းက စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ ဘက်တံဆိပ်ပါ တပ်တွေဟာ လက္ကပင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့တာလို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကအသိပေးပါတယ်။ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူသုံးဦးထိခိုက်ခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ဟာ မြင်းမူမြို့နယ်ထဲက ကျော့မင်းရွာဘက်ကိုလည်း မနေ့ နေ့ခင်းက လက်နက်ကြီးနဲ့ သုံးကြိမ် လှမ်းပစ်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။


















































