ထိုင်းလိဂ်-၁ ကလပ် ချောင်ဘူရီအသင်းတွင် ကစားနေသည့် နောက်ခံလူ ဇော်မင်းထွန်းသည် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ အနားယူကြောင်း ယမန်နေ့က ၎င်း၏လူမှုကွန်ရက်မှတဆင့် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ဇော်မင်းထွန်းသည် လာမည့် AFF Mitsubishi Electric Cup ပြိုင်ပွဲ (ယခင်ဆူဇူကီးပြိုင်ပွဲ) အတွက် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံသော်လည်း အသက်အရွယ်နှင့် လူငယ်ကစားသမားများကို နေရာပေးလိုသည့်အတွက် အနားယူခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော့် အသက်အရွယ်ကြောင့် နိုင်ငံ့အသင်း နှင့် ကလပ်အသင်း တာဝန်နှစ်ခုလုံးပေါ်တွင် အပြည့်အဝ အာရုံစိုက် ကစားနိုင်ရန် အကန့်အသတ်များ ရှိလာပြီ ဖြစ်ပါတယ်။ လူငယ် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း နေရာပေးလိုသည့် ဆန္ဒလည်းရှိနေပါတယ်။ သို့ဖြစ်၍ မြန်မာ လက်ရွေးစင်အသင်းမှ အနားယူရန် ကျွန်တော်ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်သူ အားလုံး လေးစားမှုပေးနိုင်ဖို့ မျှော်လင့်ပါတယ် “ဟု ဇော်မင်းထွန်းက ဆိုသည်။
လာမည့် AFF Mitsubishi Electric Cup ပြိုင်ပွဲတွင် မြန်မာအသင်း၌ ပါဝင်နိုင်ခြင်း မရှိသော် လည်း အသင်းအောင်မြင်မှုရရှိစေရန် ဆန္ဒပြုလိုက်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မြန်မာနည်းပြချုပ် အန်တွမ်နီဟေးက ဇော်မင်းထွန်းနှင့်အတူ အောင်သူ၊ ကျော်ကိုကို တို့ လက်ရွေးစင်အသင်းမှ အနားယူပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
အသက်(၃၀)အရွယ် ဇော်မင်းထွန်းသည် မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် ၂၀၁၁ မှ စတင်ကာ ရွေးချယ်ခံခဲ့ရပြီး နိုင်ငံ့ကိုယ်စားပြုပွဲပေါင်း ၇၀ကျော် ကစားပေးခဲ့သည့် ဝါရင့်နောက်ခံလူတစ်ဦး ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား နှင့် ဆီးဂိမ်းကြေးတံဆိပ်ဆုများကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့သည်။


















































