စစ်ကောင်စီ လက်အောက်မှ မြန်မာဘောလုံးအသင်းသည် ယနေ့(မတ်လ ၂၂) ညနေပိုင်းတွင် နိုင်ငံတကာခြေစမ်းပွဲအဖြစ် အိန္ဒိယအသင်းနှင့်ယှဥ်ပြိုင်ရာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ရှုံးပွဲများ ဆက်နေခဲ့သည်။
ယင်းပွဲတွင် မြန်မာအသင်းကို ဂျာမနီလူမျိုးနည်းပြသစ် မိုက်ကယ် ဖိုက်တန်ဘန်နာက ဦးဆောင်ခဲ့ပြီးပြန်လည်ရွေးချယ်ခံရသည့် တိုက်စစ်မှူး အောင်သူ၊ သန်းပိုင်တို့ ပါဝင်လာခဲ့သော်လည်း အိမ်ရှင် အိန္ဒိယအသင်းကို မယှဥ်နိုင်ဘဲတစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် အိန္ဒိယဘောလုံးအဖွဲ့ချုပ် ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲအဖြစ် သွားရောက်ယှဥ်ပြိုင်ခြင်းဖြစ်ပြီး လာမည့်မတ်လ ၂၅ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိန္ဒိယနိုင်ငံ အင်ဖာမြို့၌ ဆက်လက်ကစားရမည် ဖြစ်သည်။
စစ်ကောင်စီ လက်ရွေးစင်ဘောလုံးအသင်းသည် အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ယနေ့အထိ နိုင်ငံတကာ ပြိုင်ပွဲနှင့် ခြေစမ်းပွဲ ၁၉ပွဲ ယှဉ်ပြိုင်ရာ ၁၆ပွဲအထိ ရှုံးနိမ့်ထားပြီး ၁ပွဲသာ အနိုင်ရကာ ၂ပွဲသရေ ရလဒ်ထွက်ထားသည်။

Public Service Announcement
ထို့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ဂျပန်အသင်းကို ၁၀ ဂိုး- ဂိုးမရှိ၊ ကာဂျစ်စ္စတန်အသင်းကို ၈ ဂိုး- ၁ဂိုးတို့ဖြင့် အရှက်တကွဲ ရှုံးနိမ့်ထားသည်။
ဘောလုံးပွဲများကို နှစ်ခြိုက်စွာအားပေးတက်ကြသောမြန်မာပြည်သူအများစုကလည်း စစ်ကောင်စီလက်အောက်တွင်ယှဥ်ပြိုင်နေသော ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်းသာကျေနပ်နေကြသည်။


















































