▪︎စစ်အာဏာရှင်တွေရဲ့ လုပ်ဇာတ်ကို သတိထားဖို့ယာယီသမ္မတ တိုက်တွန်း
အာဏာသိမ်းစစ်အုပ်စုဟာ အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုပြီး မတရား ဖမ်းဆီးချုပ်နှောင်ခံ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ရာ အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာသူတွေအတွက် ကိုယ်ချင်းစာနာမှုများနဲ့ ဝမ်းမြောက်မိတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ချီတဲ့ သွေးချင်းရဲဘော်ရဲဘက်တွေဖြစ်တဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းများစွာဟာ စစ်အုပ်စုရဲ့ အကျဉ်းစခန်းအသီးသီးမှာ မတရားဖမ်းဆီး အကျဉ်းချ ခံထားရဆဲ၊ မမြင်ကွယ်ရာမှာ နှိပ်စက်ညှင်းပန်း ခံနေရဆဲ၊ အသက်ပေးနေရဆဲ နေ့စဉ်နဲ့အမျှ မတရား ဖမ်းဆီးခံနေရဆဲဖြစ်တယ်ဆိုတာ ယာယီသမ္မတက အသိပေးပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ဆောင်ရွက်ချက်မှာ အပေါ်ယံအားဖြင့် သက်ညှာသနားမှု ရှိသလို ထင်စရာရှိပေမယ့် အတွင်းကျကျ ပြန်ကြည့်ပါက အခုလိုလုပ်ဆောင်မှုဟာ စစ်ကောင်စီရဲ့ ထွက်ပေါက်အတွက် လုပ်ဆောင်နေခြင်း ဖြစ်တယ်ဆိုတာကို ရှင်းလင်းစွာ မြင်တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ ပြည်သူလူထုအနေနဲ့ ရည်မှန်းသည့် အန္တိမ ပန်းတိုင်ကို မရောက်ရှိသေးလို့ ဆက်လက်ချီတက်ရန်လိုနေသေးတယ်လို့လည်း တိုက်တွန်းပါတယ်။

▪︎အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဥ်လာရောက်မယ် ကြေညာ
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ လာမယ့်သီတင်းပတ်များအတွင်း မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက်ခရီးစဥ်သွားရောက်မယ်လို့ ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နဲ့ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုဖို့ ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးရဲ့ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ မနေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှုအပေါ် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ကြိုဆိုကြောင်းဖော်ပြပါတယ်။ အဲဒီလို အကျဥ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဟာ အာဆီယံတူညီဆန္ဒ ၅ ရပ်နဲ့အညီ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ကောင်းမွန်တဲ့ စိတ်ဆန္ဒတစ်ရပ်အဖြစ် အထူးကိုယ်စားလှယ်က ရှုမြင်ပါတယ်။

▪︎ရှမ်းမြောက်မှာ MNDAA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်က လားရှိုးမြို့ နမ့်ပုံကျေးရွာမှာ MNDAAနဲ့ စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်မှာလည်း ဆက်လက်တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ MNDAA တပ်ဖွဲ့ နယ်မြေကင်းလှည့်ချိန် စစ်ကောင်စီရဲ့ စကခ(၁၆) လက်အောက်ခံ တပ်ရင်း (၂၉၁)ဟာ လူအင်အား(၁၅၀)နဲ့ နမ့်ပုံဒေသတစ်လျှောက်စုဝေးနေတာကြောင့် MNDAA တပ်ခွဲမှူးက တိုက်ခိုက်ရေးအဖွဲ့ကို စုစည်းပြီး စစ်ကောင်စီတပ် စုဝေးရာနေရာကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ မနေ့ နေ့ခင်းပိုင်းကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာဒေသသို့ စစ်လေယာဉ် ၂စီးနဲ့ လာရောက်ကင်းလှည့်ခဲ့တယ်လို့ MNDAAက ထုတ်ပြန်ပါတယ်။

Public Service Announcement

▪︎ကရင်နီဒေသမှာ နှစ်ပတ်အတွင်း ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၃၀ခန့် ဒဏ်ရာရဟု KSCC ထုတ်ပြန်
ကရင်နီပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို ဦးတည်ကာ ပစ်မှတ်ထား တိုက်ခိုက်မှုများ နေ့စဥ်လုပ်ဆောင်နေရာ ဒီနိုဝင်ဘာလဝက်အတွင်း ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၂၈ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)က ထုတ်ပြန်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ အရပ်သား ပြည်သူများ စစ်ရှောင်များ နေထိုင်ရာသို့ ပစ်မှတ်ထား လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေခြင်းဟာ လူ့အခွင့်အရေးများကို ချိုးဖောက်နေတဲ့အပြင် လွန်စွာမှ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေတဲ့ လုပ်ရပ်များ ဖြစ်လို့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။ နိုင်ငံတကာ သံတမန်တွေအနေနဲ့လည်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှုတ်ဆိတ်မနေဘဲ လူသားခြင်းစာနာမှုနဲ့ ထိရောက်တဲ့ အရေးယူမှုများ ပိတ်ဆို့ ဒဏ်ခတ်မှုများကို လုပ်ဆောင်ဖို့ KSCCက တိုက်တွန်းပါတယ်။

▪︎စစ်ကောင်စီတပ်ကားကို မိုင်းဆွဲပြီး စခန်းချရာနေရာကို ကရင်နီပူးပေါင်းတပ်များတိုက်ခိုက်
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တပ်စွဲထားတဲ့ နေရာကိုပါ ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲ့ ဒုတပ်ရင်းမှူး Phoenix က ပြောပါတယ်။ နိုဝင်ဘာ ၁၆ ရက်ညပိုင်းက ကရင်နီတပ်ပေါင်းစု ထောင်ထားတဲ့ ကားမိုင်းဟာ စစ်ကောင်စီတပ်ကားကို တည့်တည့်ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှုနဲ့ စခန်းချရာနေရာကို တိုက်ခိုက်မှုတို့မှာ စစ်သားများသေဆုံးထိခိုက်မှုများနိုင်ပြီး သေဆုံးဒဏ်ရာရသူအရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ ကရင်နီတပ်ပေါင်းစုဘက်ကတော့ အထိအခိုက်အကျဆုံးမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ KRU ဒုတပ်ရင်းမှူးကပြောပါတယ်။

▪︎မကွေး လဝကရုံးကို မိုင်းခွဲသတိပေး
မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ စစ်ကောင်စီထောက်တိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးကို မိုင်းဖောက်ခွဲ သတိပေးခဲ့တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက မကွေးမြို့၊ အဝေရာလမ်းပေါ်ရှိ မြို့နယ် လဝကရုံးကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက မိုင်းဖောက်ခွဲခဲ့တာပါ။ အဲဒီဝင်ရောက်ဖောက်ခွဲမှုမှာ လဝကရုံးအတွင်းရှိ အဆောက်အအုံနဲ့ ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်းများထိခိုက်ခဲ့ခြင်းမရှိဘူးလို့ ဗိုလ်ထန်ထွဋ်က ဆိုပါတယ်။ စစ်ကောင်စီယန္တရားလည်ပတ်စေတဲ့ ထောက်တိုင်များကို ဖြိုချဖျက်ဆီးမှုများ ပြုလုပ်နေပြီး Non CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမှုများ ဆက်လုပ်နေပါက ၎င်းတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်များကို အာမခံမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
▪︎မြင်းခြံမှာ စစ်အုပ်စုက ချိတ်ပိတ်နေအိမ်တစ်လုံးရှိ ပစ္စည်းများကို ခိုးယူ၊ သနပ်ခါးပင်ပါမကျန် ခုတ်ယူသွား
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုက ချိတ်ပိတ်နေအိမ်များအတွင်းသို့ ပစ္စည်းများကို မကြာခဏ ဝင်ယူနေကြပြီး မနေ့ညက ချိတ်ပိတ်နေအိမ်တစ်လုံးရှိ စိုက်ပျိုးထားတဲ့ သနပ်ခါးပင်များပါမကျန် ခုတ်ယူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြင်းခြံမြို့နယ်၊ ငါ့နန်းရွာရှိ ချိတ်ပိတ်ထားပြီးဖြစ်တဲ့ ဦးစံကင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီးကာ နေအိမ်အတွင်းရှိ ပစ္စည်းများကို သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်ခြံဝန်းအတွင်းစိုက်ထားတဲ့ သနပ်ခါးပင်ကိုပါ နုတ်ယူသွားခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဆိုပါတယ်။ ဦးစံကင်းမိသားစုရဲ့ အိမ်တွင်းပစ္စည်းများ၊ထော်လာဂျီ၊ အိမ်ဆောက်ပစ္စည်းဆိုင်၊သံဇကာရက်လုပ်စက်၊ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ဆိုင်ကယ် လေးစီး၊ ရွှေ၊ငွေ၊ကွန်ဒေါင်းရေတင်စက်၊တောသနပ်ခါးခြံအတွင်းရှိ ရေတင်စက်၊သနပ်ခါးပင်များပါမကျန်ခုတ်ယူသွားတယ်လို့ မြင်းခြံဒေသခံတစ်ဦးကလည်း ပြောပါတယ်။
▪︎ခင်ဦး ရွာစဥ်တလျှောက်ဝင်ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို PDFများ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရွာစဥ်တလျှောက် ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း PDFများက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိတယ်လို့ Khin U local GuerrillaForce (K.U.G.F) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ရေဦးမြို့မှ ထွက်လာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးမြို့ အနောက်တောင်ခြမ်းရှိ ညောင်ပင်ခြံ၊ဆည်ကြီး၊ မရမ်းအင်၊ ကုန်းသာ ကျေးရွာတွေကို မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။ နေ့ခင်းပိုင်းမှာ အဲဒီစစ်ကြောင်းနဲ့ ဒေသတွင်း PDF တွေဟာ ကုန်းသာ၊အောင်သာ၊ ရွှေယမင်းစတဲ့ ကျေးရွာများအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့တယ်လို့ Khin U local GuerrillaForce (K.U.G.F)အဖွဲ့က ဆိုပါတယ်။
▪︎လက်နက်အပြည့်အစုံနဲ့ သွားလာနေတဲ့ ပျုအဖွဲ့ကို ချောင်းဦးပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ လက်နက်အပြည့်အစုံနဲ့ သွားလာနေတဲ့ ပျုစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ပျူငါးဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ ချောင်းဦးမြို့ တောပုကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျုစောထီးအဖွဲ့ကို ချောင်းဦး PDF – CHUPDF တပ်ခွဲ -၅ (IGF-Monywa)နဲ့ Immortal Guerrilla Force-Monywa (IGF-Monywa) တို့က မနေ့ နေ့ခင်းပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။ မိုင်းနှစ်ဆင့်ခွဲခဲ့ပြီး ပျူတွေ အနည်းဆုံး ငါးဦးသေဆုံးခဲ့ကာ လူနာတင်ယာဥ်နဲ့ လာခေါ်သွားတယ်လို့ ချောင်းဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ အနီးတဝိုက်တွင်သွားလာနေထိုင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြပါဖို့နဲ့ ဒေသတွင်း လမ်းခရီးသွားလာရာမှာလည်း စစ်ကောင်စီအုပ်စုရဲ့ မည်သည့်ကားနဲ့မျှ အနီးကပ်မောင်းနှင် သွားလာခြင်း မပြုကြဖို့ CHUPDF တပ်ခွဲ -၅ (IGF Monywa)က သတိပေးထားပါတယ်။


















































