Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၂၁ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ကျိုက်မရောမြို့နယ် ရဲစခန်းနှစ်ခုကို KNLA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းနဲ့ ကဒါရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီရဲစခန်းများ ကို ​တော်လှန်​ရေးအင်အားစုတွကတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က​လေ​ကြောင်းဖြင့်တိုက်ခိုက်စဥ်။
ဓါတ်ပုံ-​ပေးပို့
စစ်​ကောင်စီရဲစခန်းများ ကို ​တော်လှန်​ရေးအင်အားစုတွကတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က​လေ​ကြောင်းဖြင့်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-​ပေးပို့

စစ်ကောင်စီရဲစခန်းတွေ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ တုံ့ပြန်ခဲ့တဲ့အပြင် အရပ်သားများ နေထိုင်ရာရွာများကိုပါ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၀လက်နဲ့ ကျည်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

KNU/KNLAတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU
KNU/KNLAတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU

▪︎KIA တပ်မဟာ(၈)နယ်မြေကို စစ်ကောင်စီတပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၈)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မနေ့ ညပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦး ။ပုံအ​ဟောင်းဖြစ်ပါသည်။(ဓါတ်ပုံ-CJ)
ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦး ။ပုံအ​ဟောင်းဖြစ်ပါသည်။(ဓါတ်ပုံ-CJ)

အထိအခိုက်ရှိ၊ မရှိ မသိရသေးဘဲ အင်အားပြင်း ဗုံးဖြစ်တယ်လို့ ကသာ၊ မိုးညှင်းဘက်တွေကတောင် ကြားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကသာ၊ မိုးညှင်းမြို့နယ်တွေထဲကို လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေလည်း ပစ်ခတ်မှုရှိတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

▪︎သုံးရက်အတွင်း ခင်ဦး၊ ရွှေဘိုနယ်စပ် ရွာတွေရှိ နေအိမ် ၅၀၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က သုံးရက်အတွင်း နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ငါးဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့က ခင်ဦးမြို့နယ်သို့ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တန့်ဆည်မြို့နယ်မှဝင်ရောက်လာတဲ့ အင်အား ၁၀၀ကျော်နဲ့ မဒေါင်းကြီး၊ ရွှေကာ ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ အလားတူ ရွှေဘိုမြို့နယ်ရှိ မြောက်ခြမ်း လိပ်ရကုန်းနဲ့ လက်ပံကြီးရွာရှိ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ခင်ဦးမြို့နယ်မှ​ကျေးရွာများကိုယခုရက်ပိုင်းအတွင်းမီးရှို့ဖျက်ဆီးခဲ့သည်။ ။ဓါတ်ပုံ-CJ
စစ်တပ်က ခင်ဦးမြို့နယ်မှ​ကျေးရွာများကိုယခုရက်ပိုင်းအတွင်းမီးရှို့ဖျက်ဆီးခဲ့သည်။ ။ဓါတ်ပုံ-CJ

▪︎စစ်ကောင်စီကို ပိုမိုထိရောက်စွာတော်လှန်နိုင်ဖို့ ADF နဲ့ ယောတော်လှန်ရေးတပ်-YRA ပူးပေါင်း

မကွေးတိုင်း ထီးလင်းမြို့နယ် ညီညွတ်ရေးနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာတော်လှန်နိုင်ဖို့အတွက် Asia Defence Force (ADF)နဲ့ ပူးပေါင်းလိုက်တယ်လို့ ယောတော်လှန်ရေးတပ် -YRA တာ၀န်ရှိသူက ပြောပါတယ်။ YRA ချမှတ်ထားတဲ့လမ်းကြောင်းကို ADF တပ်ဖွဲ့ကလည်း လက်ခံတာကြောင့် ADF ကို ဖျက်သိမ်းပြီး တစ်ခုတည်းပေါင်းစည်းလိုက်တာလို့ဆိုပါတယ်။ သူတို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လမ်းစဥ် အတိုင်းရှေ့ဆက်တိုက်ပွဲဝင်မယ်လို့လည်း အသိပေးပါတယ်။ ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)ဟာ ပူးပေါင်းမှုကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပိုမိုထိရောက်စွာ စွမ်းဆောင်သွားနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပြုပါတယ်။

▪︎စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းများကို အရေးယူဖို့ တောင်ကိုရီးယားအစိုးရအား ကုလတာ၀န်ရှိသူ တိုက်တွန်း

မြန်မာစစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေကို စီးပွားရေးဆိုင်ရာပိတ်ဆို့ဒဏ်ခတ်မှုလုပ်ဆောင်ဖို့ တောင်ကိုရီးယားအစိုးရကို ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမက်စ်အန်ဒရူးစ်ဟာ သူ့ရဲ့ ၆ ရက်ကြာ တောင်ကိုရီးယားခရီးစဥ်ပြီးဆုံးခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ လူ့အခွင့်အရေးကို အာမခံဖို့နဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းတွေကို ဖြတ်တောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းနဲ့ လက်နက်ရရှိမှုများကို ဖြတ်တောက်ခြင်းအပါအဝင် မြန်မာပြည်သူများကို အားပေးကူညီရေးမှာ ခိုင်မာသော၊ မဟာဗျူဟာကျသော ပူးပေါင်းအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ဖို့လည်း အန်ဒရူးစ်က ဆက်လက်တောင်းဆိုပါတယ်။

သောမက်စ်အန်ဒရူးစ် ။ ။ဓါတ်ပုံ-AFP
သောမက်စ်အန်ဒရူးစ် ။ ။ဓါတ်ပုံ-AFP

▪︎နိုင်ငံရေးအကျဥ်းသား ၁၆၁ ဦးကိုသာ အမည်နှင့်တကွ မှတ်တမ်းပြုထားနိုင်ဟု AAPP ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုပြန်လွှတ်ပေးခဲ့တဲ့ အကျဥ်းသား ၆၀၀၀ နီးပါးအနက် နိုင်ငံရေးအကျဥ်းသား ၄၀၂ ဦးကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ နိုဝင်ဘာ ၁၇ ရက်က အကျဥ်းသား ၅၇၇၄ ဦးကို ပြန်လွှတ်ပေးတယ်ဆိုပေမယ့် နိုင်ငံရေးအကျဉ်းသားအမည်စာရင်း အနည်းငယ်သာထုတ်ပြန်ပြီး အများစုကို ပွင့်လင်းမြင်သာစွာကြေညာခြင်းမရှိလို့ စာရင်းများကို အမည်နှင့်တကွ အတည်ပြုကောက်ယူနိုင်မှုမှာ နှောင့်နှေးကြန့်ကြာနေတယ်လို့ AAPP က ဆိုပါတယ်။ AAPP ရဲ့ စောင့်ကြည့်လေ့လာမှတ်တမ်းတင်မှုအရ အကျဉ်းထောင် (၁၉) ထောင်မှ လွတ်မြောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် (၄၀၂) ဦးကို အတည်ပြုထားနိုင်ပြီး အဲဒီထဲကနေ နိုင်ငံရေးအကျဉ်းသား (၁၆၁) ဦးကိုသာ အမည်နှင့်တကွ မှတ်တမ်းပြုထားနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

▪︎မြောင်နယ်ကျောက်ရစ်စခန်းမှထွက်လာတဲ့ စစ်အုပ်စုကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက်လာတဲ့ စစ်အုပ်စုကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောပါတယ်။ မနေ့ ညပိုင်းက ကျောက်ရစ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးကို ကျောက်ရစ်နဲ့ သရက်သာရွာကြားမှာ ပဒေသာမိုင်း(၂)လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗိုလ်တောက်ထွန်းက ပြောပါတယ်။ ထိခိုက်သူတွေကို ကျောက်ရစ်ရွာမှာ ကုသဖို့ အဆင်မပြေလို့ ညတွင်းချင်း စစ်ကြောင်းထိုးပြီး ချင်းတွင်းမြစ်ကြောင်းဘေး ကျောက်တန်းကျေးရွာကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

▪︎ဝက်လက်နယ်မှာ စစ်အုပ်စုရဲ့ ဖောကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ကနေ ခေါတောကျေးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော်ပါ ဖောကားတစ်စီးကို ပဒေသာမိုင်းခွဲကာ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများတယ်လို့People’s Army To Fight Dictatorshipအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ဝက်လက်မြို့မှ ခေါတောကျေးရွာသို့ စစ်ကြောင်းထွက်လာတဲ့ အင်အား ၃၅ ဦးခန့်ပါ စစ်ကောင်စီရဲ့ ဖောကားတစ်စီးကို ခေါတောရွာအရှေ့ဘက်မှာ ပဒေသာမိုင်း (၆)လုံးဆွဲကာ စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ကားမှာလမ်းဘေးထိုးကျရပ်တန့်သွားခဲ့ပြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ PAFD က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ၁၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း PAFD အဖွဲ့က အသိပေးပါတယ်။