Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ရန် ယာယီသမ္မတတိုက်တွန်း

အကြမ်းဖက် စစ်အုပ်စုတစ်ခုလုံးကို အမြန်ဆုံး ချေမှုန်းသုတ်သင်နိုင်ရေး မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ ပူးပေါင်းတွန်းလှန်ဖြိုဖျက်ဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတ်ဘိနက် အစည်းအဝေးမှာ ယာယီသမ္မတက အလေးထား တိုက်တွန်းခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို မသုတ်သင် မချေမှုန်းနိုင်သရွေ့ ပြည်သူတွေ နေ့စဉ်ဒုက္ခကြုံနေရမယ်လို့ ဆိုပါတယ်။ NUG ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမားမတ်မတ်ရပ်တည်နေသလို တည်ဆောက်ရေးအတွက်လည်း လူထု အားကိုးရတဲ့ အစိုးရ ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အမြင်မတူခြင်း၊ လူမျိုးအလိုက်၊ ဒေသအလိုက် ရည်မှန်းချက် မတူခြင်းများ ရှိနိုင်ပေမယ့် စစ်ကောင်စီကို အမြစ်ဖြတ်သုတ်သင်ချင်တဲ့ တူညီ ဆန္ဒတစ်ခုက တော်လှန်ရေးအတွက် အကောင်းဆုံး အင်အားဖြစ်စေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုချေမှုန်းနိုင်ရေးနှင့် စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်များနှင့်ပေါင်းပြီးလုပ်ရန်လိုဟုယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ပြော
စစ်အုပ်စုချေမှုန်းနိုင်ရေးနှင့် စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်များနှင့်ပေါင်းပြီးလုပ်ရန်လိုဟုယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ပြော

▪️ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ နေပြည်တော်အချုပ်ထောင် အင်းစိန်ထောင်ထက် ပိုဆိုးရွား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားရာ နေပြည်တော်ထောင်ဟာ အင်းစိန်ထောင်ထက် အခြေအနေတွေ ပိုဆိုးရွားတယ်လို့ မကြာခင်ရက်ပိုင်းက စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခ ရှောင်တာနယ်လ်ကိုဖမ်းဆီးပြီး အင်းစိန်ထောင်နဲ့ နေပြည်တော်ထောင်တွေမှာ ထားခဲ့တာပါ။ ထောင်ကနေ လွတ်မြောက်လာပြီးနောက် သြစတြေးလျကို ရောက်တဲ့အခါ ရှောင်တာနယ်လ်က ထောင်တွင်းဖြတ်သန်းခဲ့ရပုံတွေကို The Australian သတင်းဌာနကိုပြောပြခဲ့ပါတယ်။ နေပြည်တော်အချုပ်ထောင်ကို သောက်စားမူးယစ်နေတဲ့ ထောင်အာဏာပိုင်တွေ မင်းမူထားတယ်လို့ ရှောင်တာနယ်လ်က ပြောပါတယ်။ ပိုးဟပ်တွေ ၊ခြင်တွေဟာ အများအပြားရှိနေပြီး နွေရာသီမှာအလွန်ပူပြင်းကာ မိုးရာသီမှာတော့ ခေါင်းမိုးကနေ မိုးတွေယိုပြီး အခန်းထဲကို စီးကျလာလို့ စောင်တွေ ၊ ခေါင်းအုံးတွေနဲ့အဝတ်အစားတွေကို ရေမစိုအောင် ပိုက်ပြီးကိုင်ထားရကြောင်း ရှောင်တာနယ်လ်က နေပြည်တော်အချုပ်ထောင်ရဲ့အခြေအနေကိုပြောပါတယ်။ ခက်ခဲဆိုးရွားတဲ့အခြေအနေတွေကြားထဲမှာတောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့သွင်ပြင်ဟာ အံသြဖွယ်ရာ ရှိနေတယ် ရှောင်တာနယ်လ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ နေပြည်တော်အချုပ်ထောင် အင်းစိန်ထောင်ထက် ပိုဆိုးရွား
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ နေပြည်တော်အချုပ်ထောင် အင်းစိန်ထောင်ထက် ပိုဆိုးရွား

▪️တောင်ကလေးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံး

ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်များ ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တောင်ကလေးရဲစခန်း တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်နဲ့ ရဲအရာရှိများအပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။ လူငယ်အမျိုးသားတစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၀ဦးခန့် ရှိတယ်လို့ သိရပါတယ်။

▪️မြိုင်နယ် ဗဟင်းရဲစခန်းနဲ့ ရွာအိမ်ခြေ ၅၀ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် ထွက်ခွာသွားကာ အဲဒီစခန်းရှိ လေဖြတ်နေတဲ့ ရဲဒုတပ်ကြပ်တစ်ဦးကို ကျပ်တစ်သောင်းပေး ချန်ထားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနဲ့ ပြည်သူ့နေအိမ် (၅၂)လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ဒီနေ့ မနက်ပိုင်းမှ စခန်းကနေ ထွက်ခွာသွားတယ်လို့ နွေဦးတော်လှန်ရေး-မြိုင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဗဟင်းရဲစခန်းရှိ လေဖြတ်နေတဲ့ ​ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ဆိုသူကို စစ်ကောင်စီတပ်က ကျပ်တစ်သောင်းပေးအပ်ကာ စခန်းမှာ ချန်ထားရစ်ခဲ့ပြီး သူ့ကို ဒေသတွင်း PDFများက စောင့်ရှောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချန်ထားခံခဲ့ရသော လေဖြတ်လူနာ ရဲဒုတပ်ကြပ်၊ ဗဟင်းကျေးရွာနှင့်ရဲစခန်းအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ- နွေဦးတော်လှန်ရေး-မြိုင်
ချန်ထားခံခဲ့ရသော လေဖြတ်လူနာ ရဲဒုတပ်ကြပ်၊ ဗဟင်းကျေးရွာနှင့်ရဲစခန်းအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ- နွေဦးတော်လှန်ရေး-မြိုင်

▪️ထားဝယ်-ထီးခီးလမ်းမှာ တိုက်ပွဲဖြစ်

တနသ်ာရီတိုင်း ထားဝယ်-ထီးခီးလမ်း၊ဝကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား နိုဝင်ဘာ ၁၉ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု(DEF-PDF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က အင်အား ၇၀ ခန့်ပါစစ်​ကြောင်းနဲ့ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ချီတက်လာစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဆီးကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမှာ မျက်မြင်အရ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး ထပ်မံသေဆုံးမှုများရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက ပြောပါတယ်။

▪️ပျူရွာနှစ်ရွာကြား စစ်အုပ်စုနဲ့ ပျူများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးကျေးရွာ နှစ်ရွာကြား ကားနှစ်စီးနဲ့လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူများကိုတိုက်ခိုက်ရာ ပျူတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောပါတယ်။ မနေ့ ညနေပိုင်းက တပ်မ (၁၀၁)ဘက်မှ ပြန်လာတဲ့ သရက်ကန်ရွာစခန်းမှ စစ်ကောင်စီတပ်နဲ့ ပျူ ကားနှစ်စီးကို ပျူရွာတွေဖြစ်တဲ့ တွင်းမနဲ့ သရက်ကန်ရွာကြားမှာ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပျူစောထီးအဖွဲ့ဝင် ဇော်ထက်အောင်ဆိုသူ သေဆုံးပြီး စစ်သားနဲ့ပျူခြောက်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ကိုလက်ယျာက ပြောပါတယ်။ နောက်ပြီး ခြောက်ဦးအနက် လေးဦးမှာ သေဆုံးနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

▪️ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမျိုးသမီးရဲဘော်များ ရှင်းလင်း

မကွေးတိုင်း ပခုက္ကူမြို့၊အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အမျိုးသမီးရဲဘော်များက ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Earthquake People’s Defence Force က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီလက်အောက်မှာ လုပ်ကိုင်ပြီး ပြည်သူများကို အမျိုးမျိုးနှိပ်စက်နေတဲ့ (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကို မနေ့ မနက်ပိုင်းက ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးကို အမျိုးသမီးရဲဘော်တွေက မြို့ထဲသို့ဝင်ရောက်ကာ သူ့ရဲ့ နေအိမ်ရှေ့မှာပဲ ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ ပြန်လည်ခုခံဖို့ ကြိုးစားလို့ သေနတ်နဲ့ သုံးချက်ပစ်ခတ်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့သည့် အမျိုးသမီးရဲဘော်များ
စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့သည့် အမျိုးသမီးရဲဘော်များ

▪️ကသာမှာ စစ်ကောင်စီတပ်ကို KIA/PDF မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၀ ရက်က ကသာမြို့နယ် ချောင်း၀ဒေသမှ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ မိုးတားကျေးရွာသို့ ရောက်ရှိခဲ့ပြီး မနေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးတားတိုက်နယ် ပကဖ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီမိုင်းဆွဲတိုက်ခိုက်အပြီး ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်များ ထိခိုက်မှုရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

(ကသာ(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)
(ကသာ(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)

▪️မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို PDFများ ပူးပေါင်းတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆပ်သွားကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ရေစကြို၊ ပခုက္ကူနဲ့ မြိုင်မြို့နယ် PDFများပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဆပ်သွားကျေးရွာမှာ ဝင်ရောက်ဖျက်ဆီးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီးတွေနဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်း ထိခိုက်ဒဏ်ရာများရရှိသွားကာ ဇီးတောပျူစခန်းနဲ့ မြေနီကုန်းတောရိုးဘက် ထွက်ပြေးသွားခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။