စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် လှတောမှရွှေဘိုသို့ထွက်လာသည့် စစ်ကောင်စီတပ်ယာဥ်များအားမိုင်း ၂ ကြိမ် ခွဲကာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း Shwebo Defense Force(SBDF) အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်နေ့) မွန်းလွဲ ၁ နာရီခန့်က လှတောဘက်မှ ရွှေဘိုဘက်သို့လာသော စစ်ကောင်စီတပ်၏ ကားတစ်စီးအားလမ်းပိုင်းတစ်နေရာတွင် Shwebo Defense Force(SBDF)စခန်း (၁) နှင့် မဟာမိတ်များဖြစ်သော ဒေါင်းနီအရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီလူးဘကျော်တိုက်နယ်၊ တောကျီးကန်းနှင့် Anyar Revolution အဖွဲ့တို့က လက်နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများအငိုက်မိပြီး စစ်သား၃ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း SBDF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ညနေ ၅ နာရီခန့်ကလည်း လှတောမှရွှေဘိုသို့ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ၆ဘီးကားတစ်စီးကို SBDF စခန်း၁ မိုင်းအဖွဲ့၊ ဒေါင်းနီ အရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီလူးဘကျော်တိုက်နယ်အဖွဲ့တို့က မွန်းလွဲပိုင်းကဖြစ်ခဲ့သော နေရာ အနီး၌ပင် မိုင်းဆယ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။

Public Service Announcement
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း SBDF အဖွဲ့က ထပ်မံအသိပေးသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းတွင် SBDF မိုင်းအဖွဲ့များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ပြည်သူများသည် ည၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်၊ ကားများကိုမှန်ချမောင်းနှင်ရန်၊ အကြမ်းဖက်စစ်ကားများနှင့် ဝေးဝေးနေကြရန် မေတ္တာရပ်ခံထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Shwebo Defense Force(SBDF) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။


















































